Wednesday, April 3, 2013

မတည်ငြိမ်မှုအပေါ် ဖြေရှင်းမှုပုံစံက အစိုးရရဲ့  အရည်အချင်းကို ပြသမှာဖြစ်



မြန်မာနိုင်ငံမှာ အရှိန်မြင့်နေတဲ့ မတည်ငြိမ်မှုတွေကို နိုင်ငံတကာက စောင့်ကြည့်နေပြီး ဖြေရှင်းရာမှာ ထွက်ပေါ်လာတဲ့အဖြေက လက်ရှိအစိုးရရဲ့ အရည်အချင်းကို ပြသမှာဖြစ်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
'ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါမှာ အစိုးရရဲ့ ကိုင်တွယ်မှုက ဘယ်လိုပုံစံလဲဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်နေကြပါတယ်၊ အရေးကြီးဆုံး အချိန်လဲဖြစ်သလို နောက်ကြောင်းပြန်လှည့်စရာ အခြေအနေဖြစ်မလာနိုင်ဖို့ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုကလဲ အရေးကြီးပါတယ်˘လို့ ဩစတြေးလျားတက္ကသိုလ်မှ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ မစ္စတာ ဒေးဗစ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင် ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရတဲ့ မြို့တော်တော်များခဲ့ပါတယ်။ အခုလည်း ဆက်တိုက်လိုလို မြို့အချို့မှာ ကာဖျူးအမိန့်တွေ ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားရတာဟာ အစိုးရပေါ်မှာ တာဝန်အပြည့်အဝရှိပါတယ်လို့ မစ္စတာဒေးဗစ်က ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုခုမှာ ပဋိပက္ခတစ်ခုဖြစ်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေပဲ အရင်ရောက်အောင်သွားကာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဖြေရှင်းမှုတွေကိုသာ တွေ့မြင်နေရပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဖြေရှင်းမှုမျိုး အားနည်းနေတယ်လို့လည်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူအချို့က ပြောပါတယ်။
Yangon Political Science School မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဇင်မာအောင်က “ခုချိန်က တကယ့်ကို အရေးကြီးတဲ့အချိန်ပါ၊ နောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာက အဲဒီပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းသလဲဆိုတဲ့အချက်က အရေးကြီးပါတယ်၊ အပြောင်းအလဲလုပ်ဖို့ စဉ်းစားထားတဲ့ အစိုးရတစ်ရပ်ဆိုရင် စပ်ကူးမပ်ကူးကာလမှာ ဖြစ်တတ်တဲ့ factors တွေကို ထည့်သွင်းစဉ်းစားပြီး သတိရှိရှိ ကိုင်တွယ်သင့်ပါတယ်”လို့ ပြောပါတယ်။
ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံနဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့တာကို တွေ့ရှိရကြောင်း၊ ပြည်သူများရဲ့ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးနိုင်စေဖို့အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ မတ်လ ၂၂ ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း အမိန့်ကြော်ငြာစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

စိန်ခေါ်မှုတွေလား

မငြိမ်မသက်မှုတွေဟာ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းစနိုင်ငံတစ်နိုင်ငံ အတွက် စိန်ခေါ်မှုဖြစ်ပေမဲ့ အစိုးရအတွက် အပြောင်းအလဲတွေ ဆက်လုပ်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့လည်း ပိုလန်ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ ဘော့်ဂ်ဒန်ဘိုရူစီဝဇ်က အီးမေးလ်က တစ်ဆင့် ပြောပါတယ်။
“ဒီမိုကရေစီမှာ ပြဿနာများတာတော့ မှန်ပါတယ်၊ ဒီမိုကရေစီစခါစမှာ ပြဿနာတွေလဲ ပြုံဖြစ်တတ်ပါတယ်၊ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက တရားဥပဒေစိုးမိုးရေးပါ၊ တရားဥပဒေ ခိုင်မာပြီး ပြည်သူလူထုကို ကာကွယ်ပေးနိုင်မယ်ဆိုရင် အဓိကရုဏ်းတွေကို ထိန်းသိမ်းသွားနိုင်မှာပါ”လို့ ဘော့်ဂ်ဒန်ဘိုရူစီဝဇ်က ပြောပါတယ်။
မိတ္ထီလာမှာဖြစ်ပွားခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုတွေ၊ ရိုက်နှက်မှုတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အရေးယူမှုနဲ့ တားဆီးမှု အားနည်းတာတွေ့ရတယ်လို့လည်း မိတ္ထီလာမြို့မှာ သွားရောက်ကူညီနေတဲ့ လူမှုရေးအဖွဲ့အချို့က ပြောပါတယ်။
“ပဋိပက္ခတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကသာ တရားမျှတစွာနဲ့ မြန်မြန်ထက်ထက် အရေးယူဆောင်ရွက်မယ်၊ နိုင်ငံရေးအင်အားစုတွေနဲ့ လူမှုအဖွဲ့အစည်းတွေကပါ တရားမျှတမှုနဲ့ မတူကွဲပြားတဲ့ လူသားတွေရဲ့ ဖြစ်တည် ရှင်သန်ခွင့်တွေကို လေးစားတဲ့စိတ်နဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် အပြောင်းအလဲအတွက် စိုးရိမ်စရာမရှိလောက်ဘူး ထင်ပါတယ်၊ ဒါပေမဲ့ ပေါ့ပေါ့နေလို့တော့ မရပါဘူး”လို့ Yangon Political Science School မှ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
မိတ္ထီလာမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သလို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ အနေနဲ့ ပါဝင်ခြင်းဖြစ်ကြောင်း သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

နောက်ကြောင်းလှည့် မလှည့်

အခြေအနေတွေကို ထိန်းသိမ်းဖို့ စစ်တပ်ရဲ့ အကူအညီကို ယူခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ နိုင်ငံရေး သုံးသပ်သူတွေကြားမှာ အစိုးရဟာ နောက်ကြောင်းပြန်လှည့်မယ့် အရိပ်အယောင်ရှိ မရှိဆိုတာကို ဝေဖန်ပြောဆိုနေကြပါတယ်။
မတ်လ ၂၀ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က သဘောထား တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ကိုမင်းကိုနိုင်က “ကျွန်တော်တို့အနေနဲ့ ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေက အခြေခံခဲ့ပါစေ ရာဇဝတ်မှုတစ်ခုဖြစ်ပြီဆိုရင် ရာဇဝတ်မှုအတိုင်းပဲ ရှုမြင်သုံးသပ်ဖို့ လိုပါတယ်၊ တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းကူညီကြဖို့လိုတယ်၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက် အကောင်အထည်ဖော်ရမယ့် ပုဂ္ဂိုလ်တွေကလဲ ဒါကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖို့လိုတယ်၊ ရဲရဲတင်းတင်း ကိုင်ဖို့လိုတယ်၊ အဲဒါကို မကိုင်တွယ်နိုင်ဘူးဆိုရင် ချက်ချင်း လူမျိုးရေး၊ ဘာသာရေးပုံစံကို ခေါင်းစဉ် ပြောင်းတပ်လိုက်မယ့် ပယောဂလှုံ့ဆော်မှုတွေက ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ရှိနေတယ်၊ ကျွန်တော်တို့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောကြရတော့မယ်”လို့ ပြောပါတယ်။
မတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာဟာ နိုင်ငံရေးလှည့်ကွက်တစ်ခုလို့လည်း ပြည်တွင်း နိုင်ငံရေးခေါင်းဆောင် အချို့က ယူဆထားကြပါတယ်။
ကိုမင်းကိုနိုင်က “မိတ္ထီလာကိစ္စ ရက်ပိုင်းအတွင်းမှာ ငြိမ်းအေးသွားတယ်ပဲ ထားလိုက်၊ နောက်ထပ် ပြည်ထောင်စုရဲ့ တစ်နေရာမှာ ပုံစံတစ်မျိုးနဲ့ သွေးထိုးလှုံ့ဆော်ပြီးတော့ အဓိကရုဏ်းတွေ ဖန်တီးမယ့် ခြေရာလက်ရာတွေ အစောကြီးကတည်းက ကျွန်တော်တို့ မြင်ထားပြီးသား၊ အချိန်တန်နေပြီဖြစ်တဲ့အတွက် ထုတ်ပြောမှဖြစ်တော့မယ်၊ လူသားတွေရှိနေသရွေ့ ပြဿနာတွေရှိနေမှာပဲ၊ ရှိတဲ့ ပြဿနာကို ရှင်းတဲ့နည်းက တရားဥပဒေစိုးမိုးရေးနည်းလမ်းနဲ့ပဲ ရှင်းသင့်ပါတယ်၊ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်တဲ့ အပြုအမူမျိုးတော့ ကျွန်တော်တို့ လုံးဝခွင့်မပြုနိုင်ဘူး”လို့ ပြောပါတယ်။
တရားဥပဒေထိန်းသိမ်းရေးဟာ အုပ်ချုပ်သူဘက်မှာတင်မကဘဲ ပြည်သူလူထုမှာပါ တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ် ဖြတ်သန်းခဲ့ရတဲ့ခေတ်တွေရဲ့ မကောင်းတဲ့ အကျိုးဆက်တွေရယ်၊ ငုပ်လျှိုးနေတဲ့ လူ့အဖွဲ့အစည်းထဲက အနာဆိုးတွေရယ်၊ နောက်ပြီး နိုင်ငံရေးမရင့်ကျက်သေးတဲ့ အချက်တွေရယ်က အဓိကဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်”လို့ Yangon Political Science School မှ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တရားဥပဒေစိုးမိုးပါစေ

လက်ရှိအစိုးရအနေနဲ့ လက်ပံတောင်းတောင်မှာ သံဃာတော်တွေ အများအပြား မီးလောင်ခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူမှု တစ်စုံတစ်ရာမရှိသေးတဲ့အပြင် အခု မိတ္ထီလာမှာဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးကို ဦးတည်ပြီး တရားဥပဒေနည်းအရ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်ဦးကျော်ဇောက ပြောပါတယ်။
“Law enforcement ကဏ္ဍမှာတော့ ရဲတွေရဲ့ တာဝန်ယူမှုကိုလဲ ကြည့်ရမှာဖြစ်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ role တွေ၊ ဆုံးဖြတ်ပိုင်ခွင့်တွေက မရှင်းဘူး၊ အပေါ်ပိုင်းမှာ သူတို့ကို ဘယ်လိုအမိန့်တွေကို ဘယ်လို language & terminology နဲ့ သုံးစွဲပေးသလဲ၊ အဲဒီအမိန့်တွေကို အဆင့်ဆင့်ဘယ်လိုသယ်ဆောင်လာသလဲ၊ အောက်ခြေက ဘယ်လို interpret လုပ်ပြီး အကောင်အထည်ဖော်သလဲဆိုတာတွေကို သုံးသပ်ပြီး ပြင်ဆင်မှု မလုပ်ရင်တော့ နောက်ထပ် လက်ပံတောင်းမီးသင်္ကန်းကပ်သလို case မျိုးတွေ ထပ်ပြီး ဖြစ်ပေါ်လာရင်လဲ အရေးမယူဘဲ လွတ်နေမှာဖြစ်ပါတယ်” လို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာခရိုင်အား အရေးပေါ် အခြေအနေကြေညာရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန် ကြေညာခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ်ထုတ်ပြန်ခြင်း အတွက် ပြဋ္ဌာန်းထားခြင်းရှိကြောင်း၊ ၎င်းပြဋ္ဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်းမရှိသေးကြောင်း၊ အခုနိုင်ငံတော် သမ္မတ ထုတ်ပြန်တဲ့အမိန့်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့် အာဏာကိုရယူခြင်းသာဖြစ်၍ စစ်အုပ်ချုပ်ရေးမဟုတ်ကြောင်း သိစေအပ်ကြောင်း၊ အရေးပေါ်အခြေအနေအဆင့် နှစ်ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
“တရားဥပဒေဆိုတာ တရားတဲ့ဥပဒေစိုးမိုးရေးဆိုတာ လူတိုင်းအတွက် တန်းတူညီမျှဖြစ်ရမယ်၊ သူကျတော့ ပါစေ၊ ငါကျတော့ အလွတ်ဆိုတာ တရားဥပဒေစိုးမိုးရေးမဟုတ်တော့ဘူး၊ လူအများက မမှန်တာလုပ်လို့ မှန်မသွားဘူး၊ အဲဒါလဲ သိရမယ်၊ အမှန်တရားဆိုတာ ဒီကိစ္စကို ထောက်ခံတဲ့သူတွေပေါ်မှာ မတည်ဘူး၊ အမှန်တရားဆိုတာ အမှန်တရားပဲ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ အထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားက မိတ္ထီလာမြို့ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူများနဲ့ ပျက်စီးဆုံးရှုံးမှုများအတွက် အလွန်ပင် ဝမ်းနည်းမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်ကလည်း မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း၊ သံရုံးအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

0 comments:

Post a Comment