Thursday, July 31, 2014

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်


အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။
သြဂုတ်လ ၁၅ ရက်နေ့အထိ အင်တာနက်စနစ်ကို 20MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သော်လည်း ကန့်သတ်ရက် ကျော်လွန်ပါက 1MB လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း အော်ရီဒူးအရောင်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။ အဆိုပါ အင်တာနက်ဈေးနှုန်းသည် အသုံးပြုသူများအတွက် များပြားသည့်နှုန်းထားဖြစ်သည်ဟုလည်း အင်တာနက်အသုံးပြုသူများ က ဝေဖန်ထားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဒေတာစနစ်ကူးပြောင်း၍ အင်တာနက်အသုံးပြုခကောက်ခံမည်ဟု ကြေညာခဲ့သောဈေးနှုန်းသည် ယခုကဲ့သို့များပြားခြင်းမရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန် ထောက်ပြခဲ့သည်။
အော်ရီဒူးသည် ၎င်းတို့၏ဖုန်းလိုင်းများအချင်းချင်း ခေါ်ဆိုမှုကို ၂၅ ကျပ်အဖြစ် သတ် မှတ်ပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းများဆီသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ခဲ့သည်။ စာတိုပို့စနစ်၌လည်း အော်ရီဒူးသည် မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်နှုန်းထားများအတိုင်း စာတိုတစ်စောင်လျှင် ၂၅ ကျပ်သာ ပြန်လည်သတ်မှတ်ပေးခဲ့သည်။ ထူးခြားမှုအနေဖြင့် အော်ရီဒူးသည် ၎င်းတို့မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ငွေဖြည့်ကတ်များကို ၁ ထောင်ကျပ်မှစတင်၍ ၂ သောင်းကျပ်အထိ ၀ယ်ယူအသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
Internet Journal

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး စောင့်ရှောက်မှု အထူးလိုအပ်နေဟုဆို

အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့


ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။
သူမအနေဖြင့် ဦးမြင့်ဝေနှင့် အိမ်ထောင်ကျပြီး ၃၁နှစ်အတွင်း သားသမီး ၂၆ဦးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ''၁၉၇၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အကြိမ်(၂ဝ) မြောက်ကို ကလေး ၂ဝဦး မွေးဖွား ခဲ့ပါတယ်။ နောက်ထပ် ၂ဝ၁၃ခုနှစ်အထိ (၄)ကြိမ်မှာ နှစ်မြွှာ ပူးနှစ်ခါ၊ တစ်ဦးချင်း နှစ်ခါ မွေးခဲ့ပါတယ်''ဟု ဒေါ်ခင်သူဇာက ပြောပြ သည်။
''မွေးဖွားခဲ့တဲ့ (၂၄)ကြိမ်မှာ သား ၁၄ဦး၊ သမီး ၁၂ဦး မွေးဖွား ခဲ့ပါတယ်။ အကြီးဆုံး သားကြီးက ၃၈နှစ်ရှိပြီး အငယ်ဆုံးသားက ၁၂ နှစ်ရှိနေပါပြီ။ အန်တီက တစ်နှစ်ကို ၁ယောက်နှုန်းနဲ့ မွေးဖြစ် ခဲ့တာပါ။ သူတို့ အသက် ရှစ်နှစ် ကိုးနှစ် ရောက်ပြီးမှ ဆုံးသွား ခဲ့တာလည်း ရှိပါတယ်။ အခုဆိုရင် ယောက်ျားလေး ငါးဦး၊ မိန်းကလေး ရှစ်ဦးပဲ ရှိတော့တယ်။ ဆရာဝန်တွေ၊ အိုဂျီတွေ အပြင်ဆေးရုံ တွေကိုလည်း အမျိုးမျိုးပြောင်း ပြီး မွေးခဲ့ ရတာ တွေလည်းရှိပါတယ်'' ဟု ဒေါ်ခင်သူဇာက ပြောကြားသည်။
''အန်တီ့ ယောက်ျား ဦးမြင့်ဝေက ပို့ဆောင်ရေး ဝန်ကြီးဌာနက ဝန်ထမ်း အငြိမ်းစားဖြစ်တာက တစ်ကြောင်း၊ ကလေးတွေက အများကြီး ဖြစ်နေတာက တစ်ကြောင်း၊ သူတို့နဲ့ နေရေး၊ စားရေး၊ ကျောင်းတက်တဲ့ ကိစ္စတွေမှာလည်း အခက်အခဲတွေကတော့ ရှိပါတယ်။ သားသမီး၂၆ဦးမှာ အန်တီတို့ အဘိုးကြီး အဘွားကြီးတွေကို လေးဦး ငါးဦးပဲ လုပ်ကြွေး ရင်တောင်မှ ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါ ကလေး ၂၆ဦး မွေးဖွားခဲ့သည့် ဒေါ်ခင်သူဇာတို့ မိသားစုတွင် ဆုံးပါးသွားသည့် သားသမီးများ မပါ လက်ရှိ သားသမီး ၁၃ဦးအပြင် မြေး ၁၇ဦး၊ မြစ်တစ်ဦး ရရှိနေ ပြီ ဖြစ်သည်။ ဒေါ်ခင်သူဇာမှာ အသက် ၅၇နှစ် ရှိပြီး ယောက်ျားဖြစ်သူ ဦးမြင့်ဝေမှာ ၆၄နှစ် ရှိကြောင်း သိရသည်။
ထိုမိသားစုအား ဆရာတော် ရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)က မိဘ ကျေးဇူးကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်အလိုက် အလှူဒါနများ ပြုလုပ်ပေးခြင်း၊ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမ များမှ အလှူငွေများ ပေး အပ်ထောက် ပံ့ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေါ်ခင်သူဇာ၏ ပြောကြားချက် အရ သိရသည်။
မောင်မျိုး (ဧရာဝတီ)

ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်လာမည်

ရန်ကုန်နှင့်ရေထဲပင်လယ်မြို့တော်


ဒီနေ့မိုးက တော်တော်ကြီးကြီးကိုသည်းသည်းမည်းမည်းရွာပါတယ် ။ မိုးရွာတာနဲ့ ရန်ကုန်မြို့ထဲကကားလမ်းတွေပိတ်တာ ရန်ကုန်ရဲ့မြို့လယ်ခေါင်တချို့နေရာတွေမှာ ရေတက်လာတာဟာ ကျွန်တော်တို့အတွက် မြို့ပြဖက်ရှင်တစ်ခုလိုဖြစ်နေပြီလားတောင်မသိတော့ပါဘူး ။
မိုးရွာတာနဲ့ကားလမ်းပိတ်ဆို့တာဆိုင်သလား ?
အဲဒီမေးခွန်းက တကယ့်ကိုအူကြောင်တောင်နိုင်တဲ့မေးခွန်းပါ ။ မြို့ထဲကို ဆင်ခြေဖုံးရပ်ကွက်တွေကနေ နေ့စဉ် ဘတ်စ်ကားတိုးစီးသည်ဖြစ်စေ တက်စီ စီးသည်ဖြစ်စေ ရုံးတက်ရုံးဆင်းလုပ်နေရတဲ့လူတွေအဖို့ မိုးဆက်တိုက်မရွာပါစေနဲ့ဘုရားလို့ ဆုတောင်းနေရတယ် ။ ဘာလို့လည်းဆိုတော့ မိုးရွာတာနဲ့ ကားလမ်းတွေပိတ်ကုန်ပြီး ရုံးကို အချိန်မှီမရောက်တဲ့အခါ အလုပ်ရဲ့ထုံးစံအတိုင်း ဒါဏ်ကြေးဆောင်ရတာတွေ ပိုက်ဆံအဖြတ်ခံရတာတွေဖြစ်ကုန်ကြရော ။ ဘယ် အလုပ်ကမှလည်း ရာသီဥတုအခြေအနေ ဆိုးရွားနေပါသဖြင့် ယနေ့တစ်ရက်အား နောက်ကျခွင့်ပြုသည်လို့ မရှိတဲ့အတွက် ၀န်ထမ်းတွေအားလုံးက မိုးပဲရွာရွာ နှင်းပဲကျကျ အချိန်မှီအောင် သွားဖို့ တာဝန်ရှိလာသလိုပါပဲ ။
ကျွန်တော် တွေးမိသလောက်စဉ်းစားရရင်တော့ မိုးရွာရင် တချို့နေရာတွေမှာ မီးပျက်သွားတယ် ။ ( ဒါကလည်း လျှပ်စစ်အန္တရာယ် စိုးရိမ်လို့ အစိုးရက စေတနာနဲ့ဖြတ်ပေးတာဖြစ်မှာပါ  ) မီးပျက်တော့မီးပွိုင့်တွေအလုပ်မလုပ်တော့ဘူး ။ ဒီတော့ ကားတွေက ပွိုင့်တွေမှာ သူ့ထက်ငါ သူတလူငါတမင်းနဲ့ နင်လည်းအလျော့မပေး ငါလည်းအလျော့မပေးစိတ်ဓါတ်နဲ့ အလုအယက် တိုးကြတဲ့အခါ လမ်းတွေပိတ်ဆို့ခြင်းဖြစ်နိုင်ပါတယ် ။ နောက်တစ်ချက်က လိုင်းကားတွေ ကား၂ စီးမနည်းရှောင်ရတဲ့နေရာမှာ လိုင်းကားတွေအနေနဲ့ ခရီးသည်အတင်အချ အကြာကြီးပြုလုပ်တာ လူစောင့်တင်တဲ့အခါမှာ လမ်းကိုပိတ်ပြီးရပ်ထားသလိုဖြစ်တဲ့အတွက် နောက်ကကားတွေ ဟွန်းဘယ်လောက်တီးတီး ကားတွေ ကျပ်ကုန်ပါတယ် ။
ဒီ မြို့ပြရဲ့ Traffic ပြဿနာကို အစိုးရအနေနဲ့ အခုထိ ထိထိရောက်ရောက်တာဝန်ယူဖြေရှင်းပေးခြင်းမရှိသေးပါဘူး ။ ကျွန်တော့်အမြင်ပြောရရင်တော့
၁ ။ လိုင်းကားတွေ Park လုပ်ပြီး ခရီးသည်အတင်အချလုပ်ဖို့အတွက် မှတ်တိုင်တိုင်းမှာ လိုင်းကား ကြီး ၃ စီးစာလောက်စီရပ်လို့ရမယ့် နေရာလေးတွေလုပ်ပေးထားရမယ် ။ အဲဒီနေရာတွေကို တက်စီတွေ မ၀င်ရဘူး ။ အိမ်စီးကားတွေမ၀င်ရဘူး လိုင်းကားသီးသန့်ဖြစ်ရမယ် ။
၂ ။ မီးပွိုင့်စနစ်ကိုတစ်မြို့လုံးအတိုင်းအတာနေနဲ့ လိုတိုးပိုလျော့တွေ ပြန်လုပ်ရမယ် ။ ( တချို့နေရာတွေမှာ မလိုအပ်ပဲ ကားများတဲ့နေရာကို မီးနီအကြာကြီးပေးထားပြီး ကားသိပ်မသွားတဲ့ဖက်ကို မီးစိမ်း အကြာကြီးပေးထားခြင်းဟာ Traffic ကို ပိုဆိုးစေတယ်လို့မြင်ပါတယ် ) ။ မိုးတွေရွာ ရေတွေကြီးလို့ ကားလမ်းပိတ်တာကလည်းအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ် ။
၃ ။ ကားလမ်းစနစ်ကိုလည်း လိုင်းကားသီးသန့်လိုင်းတွေ အမြန်ဆုံးဖော်ဆောင်စေချင်ပါတယ် ။ လိုင်းကားသွားတဲ့လမ်းပေါ် တက်စီနဲ့ အိမ်စီးကားတွေ တက်လာရင် ဒါဏ်ကြေးရိုက်တာလုပ်ရမယ် ။ လိုင်းကား လမ်းဖြစ်တဲ့ ညာဖက်အစွန်ဆုံးလမ်းမှာ လိုင်းကားတွေချည်းသီးသန့်သွားစေချင်ပါတယ် ။ လမ်းဆုံတွေမှာ ညာဖက်ချိုးချင်တဲ့ ကားကလွဲလို့ ဘယ်ကားမှ အဲဒီလမ်းပေါ် မတက်လာရင်အကောင်းဆုံးပါပဲ ။ လိုင်းကားတွေကလည်း အပေါ် ၂ ကြောကိုတက်မလာနဲ့ ဘယ်အစွန်ဆုံး က အမြန်မောင်းတဲ့ကားတွေ သွား အလယ်က ပုံမှန်မောင်းတဲ့ကားတွေသွား ဒါဆို အဆင်ပြေသွားလောက်မယ် ။ ( မီးသတ်ကား ရဲကားနဲ့ ဆေးရုံလူနာတင်ကားများသည် ခြွင်းချက် ဖြစ်ရမယ် )
၎ ။ လမ်းပေါ်က ဈေးသည်တွေ ကို ကားလမ်းတစ်ကြောစာလောက်နေရာယူထားမှုတွေဖြေရှင်းရမယ် ။ အဲဒီလိုဖြေရှင်းရာမှာလည်း အခု ၀ုန်းဝုန်းနဲ့ဝင်ဖမ်း ဒါဏ်ရိုက်နောက်ထပ် တစ်ပတ်လောက်ကြာတဲ့အခါ ဒုံရင်းကဒုံရင်းဆိုတာကလည်းနည်းလမ်းမဟုတ်သေးဘူး ။ တကယ်ဆိုရင် ဈေးသည်တွေအနေနဲ့ ပလက်ဖောင်းတွေ နောက်မှာပဲရှိသင့်ပါတယ် ။ ဒါကလည်းထည့်သွင်းစဉ်းစားရမယ့်အချက်ပါ ။
၅ ။ တချို့သော ကားအရမ်းပိတ်တဲ့ နေရာတွေ အချိန်တိုင်း ပိတ်လေ့ရှိတဲ့လမ်းကြောတွေကို လမ်းအသုံးပြုခွင့်နဲ့ ဥပမာ ကျောင်းလွှတ်ချိန်လိုမျိုးမှာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဒီလမ်းကြောကိုသွားရင် ပိုက်ဆံ ဘယ်လောက် ဖြတ်မယ်ဆိုတာမျိုးကို လုပ်ဆောင်ကြည့်စေချင်ပါတယ် ။ အဲ့ဒီစနစ်အကောင်အထည်ဖော်ဖို့ဆိုရင် မီးပွိုင့်တိုင်တွေကနေ ပိုက်ဆံဖြတ်တဲ့ scanner နဲ့ ကား dashboard ပေါ်က စက်ကို လှမ်းဖတ်ပြီးဖြတ်တဲ့စနစ်မျိုးကို သဘောကျပါတယ် ။ တစ်နိုင်ငံလုံးကကားတွေမှာ အဲဒီလို စနစ် တပ်ဆင်လိုက်ရင်သိပ်ကောင်းမှာပါ ။ အခုတော့ ရှိတဲ့အထင်ကရ CCTV ပွိုင့်တွေကလည်းတကယ်အလုပ်မလုပ်မသိပါဘူး ။ ဘယ်လို စနစ်ဖြစ်ဖြစ် အစိုးရအနေနဲ့အကောင်အထည်ဖော်ရင်သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ။ နေပြည်တော်လို နေရာကိုတောင် အထင်ကရမြို့ကြီးဖြစ်အောင် ၀ုန်းကနဲပြောင်းလဲခဲ့နိုင်တဲ့အစွမ်းရှိခဲ့တာပဲလေ ။
ရန်ကုန်မြို့ဟာ ရေထဲပင်လယ်မြို့တော်လား ?
ဟုတ်ပ အဲဒီလိုမေးရမလိုတောင်ဖြစ်နေပြီ ။ စဉ်းစားကြည့်လိုက် မိုးလေးနည်းနည်းရွာလိုက်တာနဲ့ ရေတွေတင်နေပြီ ရေတင်တော့ ကားတွေ ဆက်မတိုးနိုင်တော့ဘူး အဆိုးဆုံး အခု နောက်ပိုင်း အဆင့်မြှင့်တင်ထားတဲ့ ဝေဇယန္တာလို လမ်းမျိုးတောင် ၁၂ နာရီဆက်တိုက်လောက်မိုးရွာတာနဲ့ကားလမ်းတစ်ဝက်လောက်ရေတွေ တက်ကုန်ရော ။ ဒီတော့ ဘာကြောင့်မိုးရွာတာနဲ့ရေတက်တာလဲ ကြားဖူးတာတော့ ဘန်ကောက်ထက်တောင် ပင်လယ်ရေမျက်နှာပြင်က ပိုမြင့်တယ်ဆို ဒါဆို ဘာလို့ရေတက်တာလဲ ကျွန်တော်စဉ်းစားမိရသလောက်ကတော့ ။
၁ ။ ရေဆိုး မြောင်းတွေ ရေစီးမြောင်းတွေ ပိတ်ဆို့ခြင်း ကြောင့် ရေတွေ မစီးနိုင်ပဲ လမ်းပေါ်လျှံတက်လာရခြင်း
၂ ။ လူတွေရဲ့စည်းကမ်းမဲ့အမှိုက်တွေကို နေရာတကာပစ်တဲ့အကျင့်ကြောင့် ရေသွားမဲ့လမ်းတွေမှာ အမှိုက်တွေ ပိတ်ဆို့ခြင်း ( စည်ပင်ကတာဝန်ရှိတယ်ဆိုတာမှန်ပါတယ် အဲ့ဒီလိုပဲ လက်သရမ်းပြီး ဟို ပစ်ဒီပစ်လုပ်တဲ့လူတွေမှာလည်းတာဝန်ရှိပါတယ် တချို့ဆို လိုင်းကားပေါ်ကနေ ကွမ်းတံတွေးပစ်ကနဲထွေးလိုက်တာများ သူပိုင်တဲ့လမ်းများမှတ်နေလားမသိ အောက်က လမ်းလျှောက်နေတဲ့လူတွေကို လူလို့တောင်မြင်ရဲ့လားမသိ ရိုင်းချက်က ကမ်းကုန်ပဲ )
၃ ။ မြစ်ထဲသွားမယ့် ချောင်းတွေ မြောင်းတွေမှာ နှုံးပမာဏ မြင့်တက်လာမှုကြောင့် မြစ်ထဲကို ရေထုပမာဏ သိပ်မရောက်တဲ့အခါ လူနေရပ်ကွက်နဲ့မြို့ထဲမှာ ရေတက်လာရခြင်း
ထားပါတော့ ကျွန်တော်လည်း ဥာဏ်မှီသလောက်စဉ်းစားကြည့်တာပါ ။
တကယ်စေတနာရှိရင် တကယ်လုပ် အဟုတ် ဖြစ်မြောက်ပါတယ် ။ ကောင်းမွန်သစ်လွင်တဲ့ အစိုးရသစ်ဖြစ်ချင်ရင် ဂျာနယ်လစ်တွေကို ဖမ်းဆီးထောင်ချယုံ သာလုပ်တတ်ပြီးလူထုကောင်းစားရေးအတွက် အခြေခံ သွားလာရေးစနစ် အခြေခံလူနေမှုဘ၀ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်းလိုအပ်ပါသေးတယ် ။
( ဒါတောင် MPT အကြောင်းရေးချင်သေးတာ ဘယ့်နှယ့် သူများတွေ တစ်မိနစ် ၂၅ ကျပ်နဲ့ပေးတော့မယ့်ဟာ သူတို့က လူသုံးယောက်ကိုခေါ်ဆိုခ တစ်လပဲ ၂၅ ကျပ်နဲ့ အဲ့ဒီအတွက် ၀န်ဆောင်ခလည်း ၂၅၀၀ ဖြတ်မယ်ဆိုတော့ကာ အော် .. ဆူးလေမသွားနဲ့ ခိုတွေနင်းလိမ့်မယ်လို့ပဲ ပြောချင်ပါတော့တယ် )
သက်တန့်ချို
31st July 2014
Photo : The Voice Weekly

တိုင်းရင်းသားတို့ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အချိန်ဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌ သုံးသပ်


တိုင်းရင်းသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန်ရောက်နေပြီဖြစ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်တို့ ပေါ့ဆ၍မရဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ ပေါ့ဆလို့ တစ်ချက်မှားတာနဲ့ တစ်သက်ပြန်ခံရမှာဖြစ်တယ်”ဟု ဇူလိုင် ၃၀ က ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသားအဖွဲ့အစည်းတို့က နှစ်ပေါင်း ခြောက်ဆယ်ကျော် တိုက်ပွဲဝင်ခဲ့သော်လည်း ဘာမှပြောခွင့်မရခဲ့ဘဲ လက်ရှိအချိန်သည် ရလဒ်ကောင်းတစ်ခုဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။
သို့သော် ဒီလိုအချိန်အခါမျိုးမှာ ကျွန်တော်တို့ တောင်းဆိုသင့်တောင်းဆိုထိုက်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ တောင်းဆိုတတ်ဖို့လည်း လိုပါတယ်”ဟု ၎င်းက ဆိုသည်။၂၀၁၁ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်များ လုပ်ဆောင်ရန် တိုင်းရင်းသားများကို ဖိတ်ခေါ်ခဲ့သည်။
နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် ဒုတိယမူကြမ်းတစ်ရပ် ပေါ်ထွက်လာခဲ့သည်။
ထိပ်သီးအစည်းအဝေးမှာ တိုင်းပြည်တစ်ခုလုံးနှင့်ဆိုင်သည့် ကိစ္စများဆွေးနွေးပွဲဖြစ်သည့်အတွက် “မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ လွဲချော်တဲ့ ဆုံးဖြတ်ချက်တွေ မဖြစ်ဖို့အတွက် သတိပေးခြင်းလို့ပဲ ယူဆပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။
လက်ရှိ ကျင်းပနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အဆိုပါမူကြမ်းအပေါ် အဓိကဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သဘောတူဆုံးဖြတ်ချက် ဆယ်ချက်ချမှတ်ထားသည်။ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်ဇူလိုင်၂၅ မှ ၂၉ရက်ထိ NCCT အဖွဲ့ ၀င်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ကျင်းပပြီးဖြစ်ကာ ဇူလိုင် ၃၀ နှင့် ၃၁ တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဆက်လက် ကျင်းပမည် ဖြစ်သည်။
ဇူလိုင် ၃၀ရက် ဆွေးနွေးမှုရလဒ်အရ တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စေ့စပ် ညှိနှိုင်းရေးအဖွဲ့NCCT ကို ကြီးကြပ်မည့် ဦးဆောင်ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆွေးနွေးထားပြီး ဇူလိုင် ၃၁ ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက်ချရန် စီစဉ်ထားသည်။

ခွန်းဆင့်နေခြည်က သူ့ ကို အတုလားဟုမေးတဲ့ ပရိသတ်ကို ဖေ့ဘုတ်မှာပြန်လည်ဖြေရှင်းချက်ထုတ်


ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆု မဟုတ်ဘူးနော် ကာယအလှမယ်ဆု ကိုယ်လုံးအလှကိုပြိုင်ရတဲ့ ကာယအလှမယ်ဆု မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံးချွတ်ပြီး အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ ဆေးစစ်ရတယ် အဲ့ဒါ အမျိုးသမီးဆရာဝန်မ တွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် အဲ့ဒီ့ ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် အချိုးအစားလည်းဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး ပြိုင်ပွဲဝင်အားလုံး
ထဲကမှ စကာတင် ၅ ယောက် ရွှေးတယ် ၅
ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့
နှစ်သိမ့်ဆု ဒါတွေကိုပေးသွားတယ် ချက်ချင်း
တက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲ
လုပ် ကိုယ့်ကိုယ်ကို ပိုးမွေးသလိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီး ဟိုဘက်ဒီဘက် ပေါင် ၆၀ စီထည့် နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်းလိုက်ရင် ၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်
ထမ်းပြီး ထိုင် ထ တွေ လုပ်ခဲ့ရတာ ကျွန်မဆရာ မောင်ဗမာ ဦးစိန်မောင်ကလည်း အသေအကြေကို မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် အိပ်ထမတင် ကိုပြောတာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် ဗိုက်အတွက် ဗိုက်အဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း သံလုံးတွေ သံဒုတ်တွေနဲ့ ကစားနည်းပေါင်းစုံကို အသေအလဲ တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား ဆိုတဲ့နှုန်းနဲ့ ကစား
ခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်း
မဟုတ်ပါဘူး အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာပေါ့လေ ဒါကြောင့်
အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီး
ရှင်းပြထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်
စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုးလို့ချုံ့ပြီးရေးထားတာ ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် အသေအလဲ exercise တွေလုပ်ခဲ့
ရတယ် အလေးတွေနဲ့ အသေအကြေ ကစားခဲ့ရတော့ တော်ရုံအဆီမတက်လာတော့ဘူး ခုလည်း နေ့တိုင်း EXERCISE လုပ်ဖြစ်ပါတယ် Exercise လုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာများကိုပြောင်းလဲစေပါသည်။
www.papawady.com

မြန်မာရွှေ့ပြောင်း မိသားစုမှ ကလေးငယ် လက်ရေးလှပြိုင်ပွဲတွင် ထိုင်းတနိုင်ငံလုံးမှာ ပထမဆုရ


- ထိုင်းဘာသာစကားနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့က ပြုလုပ်ခဲ့သော မူလတန်းအဆင့် ထိုင်းလက်ရေးလှ ပြိုင်ပွဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦး၏ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူက တစ်နိုင်လုံး အဆင့် ပထမ ရခဲ့သည်ဟု သိရသည်။
ဆုရရှိသူမှာ ထိုင်းနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့ပြီး Tak ပြည်နယ် ပညာရေးဇုန် ၂ ရှိ Arunmetha ကျောင်းတွင် ပညာ သင်ယူနေသော ရာဇာဆိုသူဖြစ်ပြီး Raksa Pasa Thai (ထိုင်းဘာသာစကား ထိန်းသိမ်းခြင်း) လှုပ်ရှားမှု၏ ပြိုင်ပွဲများစွာမှ တစ်ခုတွင် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းအခြေခံ ပညာရေး ကော်မရှင်ရုံး Obec ၏ အထွေထွေအတွင်းရေးမှုး Kamil Rodkhai က ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် အရေး၊ အဖတ်၊ အပြော ပြိုင်ပွဲများပါဝင်ပြီး ထိုင်းဘာသာစကား၏ တန်ဖိုးမြင့်တက်လာစေရန် အသိ ပညာပေးခြင်းနှင့် ထိုင်းဘာသာ စကားအား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ကလေးငယ်များအား တိုက်တွန်း အားပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆရာမဖြစ်သူ Saeng-arun Sonsaen ကလည်း ဆုရရှိခဲ့သည့် ရာဇာအား ချီးကျူးခဲ့ပြီး ရာဇာမှာ ပညာသင်ယူရာ၌ အာရုံစူးစိုက်မှုရှိပြီး လက်ရေးလက်သားမှာလည်း အလွန်လှပသည်ဟု ပြောကြားခဲ့သည်။ ရာဇာမှာ Arunmetha ကျောင်းအား ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။
ရာဇာ၏ ဖခင်မှာ Tak ပြည်နယ် Phop Phra ခရိုင်တွင် စိုက်ပျိုးရေလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။
“ရာဇာဟာ စောစာပိုင်းတုန်းက ဒီခရိုင်မှာရှိတဲ့ ထိုင်းဘုရားကျောင်းက မြန်မာကျောင်းတစ်ခုမှာ ပညာသင်ယူခဲ့ပြီး နောက်ပိုင်းမှာ Arunmetha ကျောင်းကို ပြောင်းတက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူဟာ ၁၀ နှစ်အရွယ်ရှိနေပြီး ထိုင်းဘာသာစကားကို မရေးတတ်သေးပါဘူး။ ဒီကျောင်းမှာ တက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ထိုင်းဘာသာစကား အရည်အသွေးဟာ သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။ သူဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး စာသင်တဲ့အချိန်မှာလည်း အာရုံစူးစိုက်မှုရှိပါတယ်။ အထူးသဖြင့် ထိုင်းဘာသာစကားမှာပေါ့” ဟု Saeng-arun Sonsaen က ပြောကြားခဲ့သည်။
Arunmetha ကျောင်းရှိ ကျောင်သားများ၏ ၃၀ ရာခိုင်နှုန်းမှာ နယ်စပ်တွင်ရှိနေကြသည့် ဆင်းရဲသော မိသားစုများမှ ဆင်းသက်လာကြခြင်းဖြစ်ပြီး၊ အခြားသောထိုင်းကျောင်းသားများထက် ၎င်းတို့အား ထိုင်းဘာသာစကားကို ပိုမိုအလေးထား သင်ကြားပေးသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
ပညာရေးဇုန် ၁ ၏ ဒါရိုက်တာဖြစ်သူ Thongsuk Yoosri ကမူ မြန်မာကျောင်းသားတစ်ဦး ယခုကဲ့သို့ ဆုရရှိခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း၊ မည်သည့် နိုင်ငံသား၊ မည်သည့် ဘာသာ အယူဝါဒမှမဆို ၎င်းတို့၏ အလားအလာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြကြောင်း စသဖြင့် ပြောကြားခဲ့သည်။

၎ နာရီအပစ်ရပ်ရေး အစ္စရေးလ်ကြေညာ


 
ဂါဇာဒေသမှာ ကုလသမဂ္ဂက ဖွင့်ထားတဲ့ စာသင်ကျောင်းကို အစ္စရေးလ်က တင့်ကားတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် ထက်မနည်း သေဆုံးခဲ့ရပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ခဏတာ အပစ်အခတ် ရပ်စဲသွားဖို့ အစ္စရေးလ်က ပြောဆို လိုက်ပါတယ်။ ဒေသစံတော် ချိန် ဒီကနေ့ ညနေ ၃ နာရီကစပြီး ၄ နာရီကြာ အပစ်အခတ် ရပ်စဲဖို့ စီစဉ်ထားတာပါ။
ဂါဇာမြောက်ပိုင်းမှာ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် နေစရာအဖြစ် စီစဉ်ပေးထားတဲ့ Jebaliya ဒုက္ခသည်စခန်းထဲက စာသင်ကျောင်း အခုလို တိုက်ခိုက်ခံရတာပါ။ တိုက်ခိုက်မှုနေရာကို သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် Scott Bobb ပြောပြတာမှာတော့ စာသင်ကျောင်း နံရံတွေ လုံးဝ ပျက်ဆီးသွားပြီး လူတွေလည်း မယုံနိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ်နေကြတယ်လို့ ဆိုပါတယ်။
တချို့ဟာ လေကြောင်း ထိုးစစ်ဆင်မှုတွေကို ကြောက်လို့ သူတို့အိမ်ကနေ ဒီကို ပြောင်းပြီးလာနေကြတဲ့ သူတွေဖြစ်ပြီး၊ ကုလသမဂ္ဂက ဖွင့်ထားတဲ့ ကျောင်းကတော့ သူတို့အိမ်ထက် ပိုပြီး လုံခြုံမှာပဲဆိုပြီး ဒီကို လာကြတာမှာ ခုလို တိုက်ခိုက်ခံရတော့ သေမယ့်အတူတူ ကိုယ့်အိမ်ကိုယ်ပြန် သေတော့မယ်လို့ ပြောကြတယ်လို့လည်း ဆိုပါတယ်။
ဒီစာသင်ကျောင်းဟာ ပါလက်စတိုင်း ဒုက္ခသည်တွေ ခိုလှုံနိုင်အောင် ကုလသမဂ္ဂက ဖွင့်ထားပေးတဲ့ ကယ်ဆယ်ရေးစခန်း ၈၅ နေရာထဲက တခုပါ။ ပါလက်စတိုင်း ၂ သိန်းလောက် ဒီလိုနေရာတွေမှာ ခိုလုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဇူလိုင်လ ၈ ရက် တိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်ကစလို့ ပါလက်စတိုင်း အရပ်သား အများစုပါဝင်တဲ့ လူပေါင်း ၁,၂၀၀ ကျော် သေဆုံခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ အစ္စရေးလ် စစ်သား ၅၃ ယောက်နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
VOA
Like 

ခမာနီခေါင်းဆောင်တွေ မျိုးတုံးသတ်ဖြတ်မှုနဲ့ရင်ဆိုင်


ကမ္ဘောဒီးယားနိုင်ငံ ခမာနီအဖွဲ့ထဲက အသက်မသေ ကျန်နေသေးတဲ့ ၀ါအရင့်ဆုံးအဖွဲ့ဝင် နှစ်ဦးအပေါ် ဒုတိယအကြိမ် တရားစစ်ဆေးတဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တရားခွင် စတင်ပြီ ဖြစ်ပါတယ်။
သမ္မတဟောင်း Khieu Samphan နဲ့ အယူအဆရေးရာ အကြီးအကဲ Nuon Chea တို့အပေါ် အစုလိုက်အပြုံလိုက် လူသတ်မှုစွဲချက်တွေနဲ့ ဖနွမ်းပင်မြို့တော်တရားရုံးမှာ ဒီကနေ့ စပြီးစစ်ဆေးတာပါ။
လူသားကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ သူတို့နှစ်ဦးအပေါ် ကနဦး တရားစွဲခဲ့တာဟာ ပြီးခဲ့တဲ့နှစ်မှာ အဆုံးသတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ သတ်မှတ်ထားပါတယ်။
ဒီကနေ့ တရားခွင်ကို Nuon Chea မလာခဲ့ဘဲ Khieu Samphan ကတော့ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့အတူ တရားခွင်မှာ လိုက်လံ မှတ်သားနေပြီးတော့ ကျန်းမာရေးကောင်းတဲ့ပုံ ရပါတယ်။
အခု ဒုတိယအကြိမ် တရားခွင်မှာ ကမ္ဘောဒီးယားနွယ်ဖွား ဗီယက်နမ်လူမျိုးတွေနဲ့ တိုင်းရင်းသား Cham မူဆလင်လူနည်းစု ထောင်ပေါင်းများစွာတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် အထူး စစ်ဆေးမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတခုအဖြစ် ထူထောင်ဖို့ ကြိုးစားခဲ့တဲ့ ခမာနီအစိုးရ လက်ထက်အတွင်း ကမ္ဘောဒီးယားလူမျိုး ၂ သန်းလောက်အထိ သေဆုံးခဲ့ရပါတယ်။
VOA

အမျိုးသားပညာရေး ဥပဒေကြမ်း အတည်ပြု


လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သော အမျိုးသား ပညာရေးဥပဒေကြမ်းကို ဥပဒေ ကြမ်းပူးပေါင်းကော်မတီမှ ပြင် ဆင်၊ ဖြည့်စွက်ချက် ၂၇ ချက်ကို ပြည်ထောင်စု လွှတ်တော်တွင် တင်ပြအတည်ပြုချက် ရယူကာ ဥပဒေကြမ်းတစ်ခုလုံးကို လွှတ် တော်မှ အတည်ပြုလိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။
ယခုလ ၃၀ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ် တော် အစည်းအဝေးတွင် အဆိုပါဥပဒေကြမ်း တစ်ပိုဒ်ချင်းအ လိုက် လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်မှ အတည် ပြုထားသည့် ပြင်ဆင်ချက် ၇၁ ချက်အပေါ် မူတည် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲချက်များတွင် အမျိုး သားလွှတ်တော်၏ ပြင်ဆင်အ တည်ပြုချက် အများစုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယခု အတည်ပြုလိုက်သော ဥပဒေအရ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရှိသော လွတ်လပ်သည့် တက္က သိုလ်ပညာရေးစနစ် အပါအ၀င် ကျောင်းသားဗဟိုပြုစနစ်ကို ကျင့် သုံးသော အခြေခံပညာရေးစနစ် ကိုလည်း ကျင့်သုံးနိုင်မည်ဖြစ် သည်။
‘‘အခု အတည်ပြုလိုက်တာ ကတော့ Mother Law ပေါ့။ ပညာ ရေးစနစ်တစ်ခုလုံးကို ပြောင်းလဲ ဖို့က ဒီဥပဒေက အဓိကပဲလေ။ နောက်ဆက်တွဲ အဖြစ်ကတော့ အခြေခံပညာ၊ အဆင့်မြင့်ပညာ ဆိုပြီး အသေးစိတ်တွေ ထွက်လာ မှာပေါ့’’ ဟု ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဒေါက်တာ စိုးမိုး အောင်က ပြောသည်။
ယင်းဥပဒေကြမ်းကို ပြည် သူ့လွှတ်တော်တွင် အတည်ပြုခဲ့စဉ်က ပညာရေးအဖွဲ့အစည်းများ၊ ကွန်ရက်များ၏ ၀ိုင်းဝန်းကန့်ကွက်ခံခဲ့ရသော အမျိုးသားပညာရေးကောင်စီကိစ္စကို အမျိုးသား လွှတ်တော်မှ ပြင်ဆင်ထားသည့် ကောင်စီနေရာတွင် ကော်မရှင်ကို အစားထိုးထည့်သွင်းပြီး ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦး က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ပညာရေးနှင့် သက်ဆိုင်သည့် လွှတ်တော်နှစ်ရပ်ရှိ ရေးရာ ကော် မတီများမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပညာရှင်များပါ ပါ ၀င်ဖွဲ့စည်းရမည်ဆိုသည့် ပြင်ဆင်ချက်ကိုသာ အတည်ပြုခဲ့သည်။
ဥပဒေကြမ်းကို လွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုချက် ရယူရာတွင် အချို့သော အပိုဒ်များတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဆုံးဖြတ်ချက်ကို သဘောမတူသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD မှ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။
‘‘အမျိုးသား ပညာရေး ကောင်စီရဲ့ အနှစ်သာရက ထိန်း ချုပ်ဖို့ ဖွဲ့စည်းထားတာပါ။ ပညာ ရေးလွတ်လပ်ခွင့်ကို အထောက် အကူပြုတဲ့ ဖွဲ့စည်းပုံ မဟုတ်ပါ ဘူး။ ကူညီထောက်ပံ့ဖို့ ဖွဲ့စည်း တာဆိုရင်တော့ ကြိုဆိုပါတယ်။ အခြေခံပညာကျောင်းတွေကိုပါ လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့် ပေး စေချင်ပါတယ်’’ ဟု ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံ လုံးဆိုင်ရာ ကွန်ရက် (NNER) မှ ဒေါ်သူသူမာက ပြောသည်။
ပြည်ထောင်စု လွှတ်တော်က ယင်းဥပဒေကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သဖြင့် နိုင်ငံတော် သမ္မတထံသို့ လက်မှတ်ရေးထိုး ရန် အမြန်ဆုံး ပေးပို့မည်ဖြစ်ပြီး သမ္မတလက်မှတ်ရေးထိုးပြီးပါက ဥပဒေအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းနိုင် မည်ဖြစ်သည်။
7Day Daily

တရုတ်နယ်စပ်တွင် စစ်တပ်အရာရှိနှင့် တပ်ကြပ် ချောင်းမြောင်းပစ်သတ်ခံရ


ရှမ်းပြည်နယ်မြောက် ပိုင်း တရုတ်-မြန်မာနယ်စပ်တွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး ဈေးမှအပြန် လမ်း၌ သေနတ်ဖြင့် ချောင်း မြောင်း ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခန့်က နမ့်ခမ်းမြို့နယ်အပိုင် နောင့်မာတာတပ်စခန်းတွင် တာဝန်ကျနေသူတပ်စခန်းမှူးနှင့် တပ်ကြပ်တစ်ဦးတို့ ဆိုင်ကယ်ဖြင့် ဈေးမှအပြန် ချောင်းမြောင်းပစ် သတ်ခံရခြင်းဖြစ်ပြီး နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း နောင်မာ့တာရွာ ဒေသခံများက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှာ မှန်ကန် ပြီး ယခုအချိန်ထိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
အဆိုပါစစ်တပ်အရာရှိတစ် ဦးနှင့် အခြားအဆင့်တို့ သေဆုံးမှု အတွက် နမ့်ခမ်းမြို့နယ် အခြေ စိုက်တပ်မ(၈၈)မှ တာဝန်ရှိသူများ နောင်မာ့တာရွာသို့ လာရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။
အဲဒီနေ့ ညကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာက လူကြီးငါးဦးကို အစိုးရတပ်က ခေါ်သွားတယ်။ ည ၁၂ နာရီအထိ စစ်တယ်။ မနက်ကျတော့ တစ်ခါ လာခိုင်းတယ်။ အခု နေ့လယ် ၁၂ နာရီမှာတော့ ပြန်လွှတ်ပေးလိုက် ပြီ။ ဒီမနက်မှာတော့ ညကလို ရိုက်တာတွေ မရှိတော့ဘူး’’ ဟု နောင်မာ့တာကျေးရွာမှ ဦးစိုင်း မောက်ဆိုင်ထွန်းလှိုင်က ပြော ကြားသည်။
ထိုသို့ရွာသားများကို ခေါ် ဆောင်ခြင်းမှာ စစ်ဆေးစုံစမ်းရန် အတွက်သာဖြစ်ပြီး ဖမ်းဆီးရန် မူဝါဒမရှိသည့်အတွက် ဖမ်းဆီး ခြင်းမဟုတ်ကြောင်း အမှုအတွက် လိုအပ်ချက်များ စုံစမ်းခြင်းသာ ဖြစ်နိုင်ကြောင်းလည်း ကာကွယ် ရေးဝန်ကြီးဌာနမှ အဆိုပါတာဝန် ရှိသူက ပြောသည်။
ဇူလိုင် ၂၉ ရက်က သေဆုံး သွားသည့် နောင်မာ့တာစခန်းမှ တပ်စခန်းမှူးနေရာတွင် တပ်မ (၈၈)မှလွှတ်သည့် အရာရှိတစ်ဦး အစားထိုးရောက်ရှိနေပြီဖြစ် ကြောင်းလည်း သိရသည်။
နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်ကပင် အရပ်သား လူငယ်တစ်ဦး ပြည်သူ့စစ်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ယခုအချိန်ထိ အမှုပေါ်ပေါက်ခြင်း မရှိသေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်သည် တရုတ်-မြန်မာ နယ်နိမိတ်အငြင်းပွားမှုများရှိနေသောဒေသဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့များ၊ ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA၊ ပလောင် လက်နက်ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့လှုပ်ရှားသွားလာနေသော နယ်မြေဖြစ်သည်။
7Day Daily

Wednesday, July 30, 2014

အော်ရီဒူးကိုအထင်ကြီးကာ.MPT ကို ကျောခိုင်းချင်သူများအတွက် =========================


Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ကိုကိုယ်သုံးစွဲတဲ့ Data ပမာဏအလိုက်ကောက်ခံမှာဖြစ်ပြီး Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ်လို့သိရပါတယ်။
အခု ကျွန်တော် လက်ရှိ ဖုန်းအင်တာနက်ကိုနေ့စဉ်ပုံမှန်သုံးနေတာ တစ်ပတ်ကို Data 1GB နီးပါး လောက်ကုန်ပါတယ်။ အဲ့ဒါ ဖိုင်အကြီးကြီးတွေ Download မလုပ်ပါဘူး။ Youtube ကြည့်တယ် ၊ Facebook သုံးတယ် ၊ Viber , Skype ပြောတယ် ၊ Website တွေကြည့်တယ် ၊ အဲဒါပဲလုပ်ပါတယ်။ တစ်လကို 4GB လောက်ပုံမှန်ကုန်ပါတယ် ။
အခု Ooredoo ကယူမယ့် Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ် ပမာဏအတိုင်းဆိုရင် တစ်လကို 4 GB ပုံမှန်သုံးတဲ့အနေအထားဆို တစ်လကို ၁ သိန်းကုန်ကျနေပါမယ်။ တခြားနိုင်ငံတွေမှာတောင် Mobile အင်တာနက်ကြေး ဒီလောက်မများတာ အခုကောက်ခံနေတဲ့နှုန်းထားတွေက မြန်မာပြည်အနေအထားနဲ့ဆို - တော်တော်ကြီးကိုများနေပါတယ်။ သာမန်သုံးမယ့် Users တွေအတွက်ကိုက ဈေးအလွန်များနေပါတယ်။ Ooredoo ရဲ့ Mobile Internet နဲ့ File အကြီးကြီးတွေ Download လုပ်ဖို့အားခဲထားတဲ့ User တွေဆိုရင် တစ်လတစ်လ ပိုက်ဆံလေးငါးသိန်းလောက် Internet Bill ဖိုးပေးဖို့ အိတ်ထဲမှာဆောင်ထားရပါလိမ့်မယ်။ ယခုသုံးသပ်ပြသွားတာဟာ လက်ရှိ Ooredoo အစမ်းကဒ်တွေမှာ Internet သုံးစွဲနေကြတဲ့ သူတွေ Internet ဖိုး ငွေဖြတ်ခံရတဲ့ တကယ့်အခြေအနေတွေပေါ်မှာမူတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ်။
Users တွေက နှစ်ခြိုက်မှုမရှိရင်တော့ ဒီနှုန်းထားတွေကို လျော့ပေါ့ပေးဖွယ်ရှိနိုင်ပါတယ်။ Ooredoo မှလက်ရှိကောက်ခံနေသော Mobile Internet Data နှုန်းထား
1 MB = ၂၅ ကျပ် …
10 MB = ၂၅၀ ကျပ် …
100 MB = ၂၅၀၀ ကျပ်
1 GB = ၂၅၀၀၀ ကျပ်
Thet Naing Soe
(Myanmar Mobile apk store)

ခရီးသည်တင် ယာဉ်နှင့် လမ်းဘေး ဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ဆောင်ရွက်မည်


 
ရန်ကုန်မြို့တွင်းရှိ လမ်းမများတွင် စည်းကမ်းမဲ့ ရပ်နားပြီး ခရီးသည် အတင်အချ ပြုလုပ်လျက် ရှိသော ခရီးသည်တင် ယာဉ်များနှင့် ကားလမ်းမများ
ပေါ်၌ ဈေးဗန်းခင်း၍ ရောင်းချနေသည့် လမ်းဘေး ဈေးသည်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို လျော့နည်းစေရန် အတွက် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို)မှ သိရသည်။
ရုံးဆင်း၊ ရုံးတက်ချိန် မဟုတ်ဘဲ ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့သည့်
နေရာများကို လေ့လာကြည့်ပါက သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်သည့် ယာဉ်များနှင့် မှတ်တိုင် မဟုတ်သည့် နေရာများ၌ လမ်းပိတ်ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်သော ခရီးသည်တင် ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို
တွေ့မြင်ရမည် ဖြစ်သည်။
စည်းကမ်းမဲ့ ရပ်နားသည့် ခရီးသည်တင် ယာဉ်များကို မ-ထ-သ(ဗဟို) ယာဉ်အထူးစစ်အဖွဲ့ ၁၆ ဖွဲ့ဖြင့် စစ်ဆေး အရေးယူမှုများကို တိုးမြှင့် လုပ်ဆောင်လျက် ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း လမ်းဘေး ဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု များ လျော့နည်း ပပျောက်စေရန် လမ်းဘေး ဈေးသည်များကို အရေးယူမှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။
ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ က-ည-န၊ မ-ထ-သ(ဗဟို)နှင့် စည်ပင်တို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင်းရှိ ယာဉ်မရပ်နားရသည့် နေရာများ၌ ရပ်နားသည့် ယာဉ်များ၊ စည်းကမ်းမဲ့ ခရီးသည်တင် ယာဉ်များနှင့် လမ်းဘေး ဈေးသည်များကိုလည်း အရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

တာဖာဆောင်မှ SSPP/SSA ဆုတ်ခွာမည်မဟုတ်

လွယ်တိုင်းလျန်းဒေသ၌ပြုလုပ်သည့် ရှမ်းပြည်နယ်နေ့တွင် SSPP/SSA တပ်ဖွဲ့ကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း
လွယ်တိုင်းလျန်းဒေသ၌ပြုလုပ်သည့် ရှမ်းပြည်နယ်နေ့တွင် SSPP/SSA တပ်ဖွဲ့ကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း
အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသကို ဆုတ်ခွာပေးတော့မည်မဟုတ်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။ ဇူလိုင်၈ရက် နေပြည်တော်တွင် တွေ့ဆုံစဉ် အစိုးရက တပ်ဆုတ်ပေးရန် ပြောသည်ဟု ဆိုသည်။
“ဆုတ်ပါဆုတ်ပါလို့ပြောရင် ဦးသိန်းစိန်ရဲ့ သူလျှိုလားလို့ ပြောတယ်။ ငါတို့က အသက်ပေးပြီး တိုက်နေတာ မင်းတို့က ငြိမ်းချမ်းရေးဆွေးနွေးပြီး ဆုတ်ခိုင်းတာ မျှော်မှန်းချက်ပန်းတိုင်ကို ဖျက်ဆီးနေတာလားလို့ ပြောကြတယ်”ဟု ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။
တာဖာဆောင်တံတား အနီး SSPP/SSA တပ်စခန်းကို ဇွန်လ၂၆ရက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၂)မှ ခြေလျင်တပ်ရင်း၂၄၇ က လက်နက်ကြီးဖြင့် တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ခဲ့သည်ဟု ဇူလိုင်၁၈ ရက်စွဲ ဖြင့် SSA  က ကြေညာသည်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် ဇူလိုင်၂၀၊၂၁ရက်တို့တွင်လည်း ကျေးသီးမြို့နယ်၊ ဟာ့ဝမ်ကျေးရွာအုပ် စု နှင့် ပန်ဆယ်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် တာဖာဆောင်ဒေသခံများ သည် ၂ မိုင် ခန့်ဝေးသော ၀မ်ဝပ်ရွာနှင့် နီးစပ်ရာကျေးရွာများတွင် ရှောင်တိမ်းနေကြရပြီး ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ ခုမှ လူပေါင်း၂၉၄ဦး ခိုလှုံနေကြရသည်။
ဇူလိုင်လ၂၁ရက်မှစတင်၍ တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း နှစ်ဖက်တပ်များနီးကပ်စွာတပ်စွဲထားပြီး တာဖာဆောင်ရွာကို ဇူလိုင်လ ၁၀ရက်ကျော်ကစတင်၍ ၀င်ထွက်ခွင့်ကို အစိုးရတပ်များက ပိတ်ဆို့ထားကြောင်း ကျေးသီးမြို့ရှိ၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ(ယာယီ) ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းလိုင် ခမ်းက ဆိုသည်။
SSP/SSA သည် ၂၀၁၂ခုနှစ် ဇူလိုင်လပထမအပတ်တွင် ၎င်းတပ်ဖွဲ့နယ်မြေဖြစ်သည့် ဟွေလွတ်၊ တောင်ဟီးရိုးနှင့် ခုနစ်မိုင်စခန်းတို့ကို အစိုးရတပ်မတော်က တိုက်ခိုက်သဖြင့် ထိုနယ်မြေမှ သုံးမိုင်အကွာအထိ ဆုတ်ခွာပေးခဲ့ရသည်ဟု SSPP က ဆိုသည်။ ၂၀၁၄ ခုနှစ်ကလည်း မိုင်းရှူးမြို့နယ် မိုင်းစံနှင့် ဟိုင်းပါကြား တာဆမ်းပူးနှင့် လွယ်ဆောင်ထောက်ဒေသတွင်လည်း တပ်မတော်က တိုက်ခိုက်သဖြင့် ဆုတ်ခွာခဲ့ရသည်ဟု SSPP က ပြောသည်။
ယင်းသို့တပ်များနေရာချထားမှုကြောင့် ဒေသခံတို့၏ ပြောင်းဖူးခင်း ၁၄၁ဒသမ၃၃ ဧက၊ မြေပဲခင်း ၃၄ ဒသ မ၆ဧကနှင့် စပါးခင်း ၁၂ဒသမ၇ ဧက ခန့်ပျက်စီးရသည်ဟု SSPP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ၂၈ရက်က တောင်ကြီးမြို့တွင် ရေးထိုးထားသည်။ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်၏ အတည်ပြုချက်ကိုမူ ရယူနိုင်ခြင်း မရှိခဲ့ပေ။

Dragon Blade ဇာတ်ကားအပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသည့် ဂျက်ကီချန်း



ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင်ထွက်ရှိမည့် Dragon Blade တရုတ်သမိုင်း မှတ်တမ်းဇာတ်ကားတွင် အဓိကဇာတ် ဆောင်အဖြစ် ပါဝင်ထားပြီး ယင်းဇာတ်ကားသည် ရုံဝင်ငွေ များစာရင်းတွင် အောင်မြင်သည့်ဇာတ်ကားတစ်ကားဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ထုတ်ဖော်ပြော ကြားခဲ့သည်။

နိုင်ငံတကာသို့ဖြန့်ချိပြသမည့် အဆိုပါဇာတ်ကားတွင် ဂျက်ကီချန်းသည် ပြင်သစ်နိုင်ငံ၏အမျိုးသားရုပ်ရှင်ဆု တစ်ခုဖြစ်သည့် César Award နှင့် အော်စကာဆုရ အမေရိကန်မင်းသား Adrien Brody ၊ တောင်ကိုရီးယား တေးသံရှင်နှင့်သရုပ်ဆောင် ချွဲစီဝန်းတို့လည်း ပါဝင်အားဖြည့်ထားပြီး ယင်းဇာတ်ကားအတွက် အချိန် ခုနစ်နှစ် ကြာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဇာတ်ကား၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့် အထိ ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါဇာတ်ကားသည် မိမိဘဝအတွက် အလှည့်အပြောင်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ဂျက်ကီချန်းက ဆိုသည်။

ဆက်လက်ပြီး တောင်ကိုရီးယားကြယ်ပွင့် ချွဲစီဝန်းက လည်း ''ဂျက်ကီချန်းကို အနုပညာလောကကလူတွေ ဘာကြောင့် လေးစားကြလဲဆိုတာ ကျွန်တော်နားလည် သွားပြီ၊ သူဟာ အားလုံးအပေါ်မှာကာကွယ်ပေးပြီး အတော်ဂရုစိုက်တယ်၊ အခွင့်အရေးရှိမယ်ဆိုရင် ဂျက်ကီချန်းနဲ့ နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

မျိုးစန္ဒာမောင်

အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး


Sierra Leone နိုင်ငံမှာ ပြန့်နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို ဦးဆောင်တိုက်ဖျက်နေတဲ့ ဆရာဝန်တစ်ဦးဟာ အဲဒီရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။
ဒေါက်တာ Sheik Umar Khan ဟာ အီဘိုလာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးမှာ Sierra Leone နိုင်ငံရဲ့ ကျန်းမာရေး ခေါင်းဆောင်ဖြစ်ပြီး လူနာပေါင်း အယောက် ၁၀၀ ကျော်ကို အောင်မြင်စွာ ကုသနိုင်ခဲ့တဲ့အတွက် နာမည်ကောင်းရခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီလို လူနာကို ကုသပေးခဲ့သူ ကျန်းမာရေး လုပ်သားတချို့လည်း သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၃၉ နှစ်အရွယ် ဒေါက်တာ Sheik Umar Khan လည်း ပါဝင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေတဲ့ Liberia နိုင်ငံမှာ သွားရောက်ကူညီခဲ့တဲ့ အမေရိကန်နိုင်ငံသား ကျန်းမာရေးအမှုထမ်း နှစ်ဦးလည်း ကူးစက်ခံနေရပါတယ်။
အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ အနောက်အာဖရိက ဒေသမှာ ဖေဖော်ဝါရီလ ကတည်းက ပြန့်နှံ့နေတာဖြစ်ပြီး အဲဒီရောဂါပိုးကြောင့် Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ လူပေါင်း ၆၇၂ ယောက် သေဆုံးရပြီ ဖြစ်ပါတယ်။
အဲဒီရောဂါပိုး ရှိပြီဆိုရင် အော့အန်တာတွေ၊ ဝမ်းသွားတာတွေနဲ့ ကိုယ်တွင်းနဲ့ ပြင်ပမှာ သွေးထွက်တာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။
အဲဒီပိုးဟာ နိုင်ဂျီးရီးယားနိုင်ငံအထိ ပြန့်နှံ့လာတဲ့အတွက် အနောက်အာဖရိကတိုက်ရဲ့ လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ Asky နဲ့ Arik Air ကလည်း Sierra Leone နဲ့ Liberia နိုင်ငံ ပျံသန်းမှုကို ရပ်ဆိုင်းထားပါတယ်။
ABC Radio Australia
Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
Photo: အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး
Sierra Leone နိုင်ငံမှာ ပြန့်နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို ဦးဆောင်တိုက်ဖျက်နေတဲ့ ဆရာဝန်တစ်ဦးဟာ အဲဒီရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။
ဒေါက်တာ Sheik Umar Khan ဟာ အီဘိုလာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးမှာ Sierra Leone နိုင်ငံရဲ့ ကျန်းမာရေး ခေါင်းဆောင်ဖြစ်ပြီး လူနာပေါင်း အယောက် ၁၀၀ ကျော်ကို အောင်မြင်စွာ ကုသနိုင်ခဲ့တဲ့အတွက် နာမည်ကောင်းရခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီလို လူနာကို ကုသပေးခဲ့သူ ကျန်းမာရေး လုပ်သားတချို့လည်း သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၃၉ နှစ်အရွယ် ဒေါက်တာ Sheik Umar Khan လည်း ပါဝင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေတဲ့ Liberia နိုင်ငံမှာ သွားရောက်ကူညီခဲ့တဲ့ အမေရိကန်နိုင်ငံသား ကျန်းမာရေးအမှုထမ်း နှစ်ဦးလည်း ကူးစက်ခံနေရပါတယ်။
အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ အနောက်အာဖရိက ဒေသမှာ ဖေဖော်ဝါရီလ ကတည်းက ပြန့်နှံ့နေတာဖြစ်ပြီး အဲဒီရောဂါပိုးကြောင့် Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ လူပေါင်း ၆၇၂ ယောက် သေဆုံးရပြီ ဖြစ်ပါတယ်။
အဲဒီရောဂါပိုး ရှိပြီဆိုရင် အော့အန်တာတွေ၊ ဝမ်းသွားတာတွေနဲ့ ကိုယ်တွင်းနဲ့ ပြင်ပမှာ သွေးထွက်တာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။
အဲဒီပိုးဟာ နိုင်ဂျီးရီးယားနိုင်ငံအထိ ပြန့်နှံ့လာတဲ့အတွက် အနောက်အာဖရိကတိုက်ရဲ့ လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ Asky နဲ့ Arik Air ကလည်း Sierra Leone နဲ့ Liberia နိုင်ငံ ပျံသန်းမှုကို ရပ်ဆိုင်းထားပါတယ်။
ABC Radio Australia
Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)

ရည်းစားရှိသူများအတွက် မဟာအခွင့်အရေးကြီး....

ရည်းစားရှိသူများအတွက် မဟာအခွင့်အရေးကြီး....





ဆေးစွမ်းထက်စေသည့် ဂါထာတော်

ဆေးစွမ်းထက်စေသည့် ဂါထာတော်
အဘ မနေ့က အဆင်ပြေရဲ့လား?
ပေးသာ ပေးလိုက်ရတယ်၊ ဝက်ဆီဖတ်စားပြီး သွေးတိုး၊ ခေါင်းမူးနေရင် ခက်ရချည်ရဲ့လို့ တွေးပူနေတယ်။
အဘ-သွေးတိုးရောဂါ မရှိပါဘူး၊ အခု (၇၆)နှစ်ရှိပြီ၊ သွားနိုင်လာနိုင်တုန်းပဲ၊ ဘာရောဂါမှ မရှိဘူး၊
ဆေးစွမ်းကောင်းတွေ ရှိတယ် ထင်ပါရဲ့၊
ဆေးက ဆေးဆိုင်မှာ သူသူငါငါ ရောင်းဝယ်နေကြတဲ့ တိုင်းရင်းဆေးတွေပါပဲ၊ စားသောက်ပြီးလို့ တခုခု ခံစားရရင် ဘာကြောင့်လဲဆိုတာ အဖြေရှာတယ်၊ ဆးဝါးတွေ မှီဝဲတယ်၊ နောက်တစ်ကြိမ်မှာ ဒီလိုဖြစ်တတ်တဲ့ အစားအစာကို သတိထား၊ လျှော့စားတယ်၊ ဝမ်းအချင့်ပေါ့၊ သာမန်ဆေးဝါးကို ကိုယ်တိုင် ဆေးချက်ကလေး ပေါင်းဖြည့်လိုက်တာပါပဲ။
လှူပါဦးဗျာ-အခြားသူတွေလဲ သုံးစွဲနိုင်အောင်
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။
အနက်---
သင်္ခါရာ-ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊
အနိစ္စာ ဝတ-အမြဲမရှိကုန်စွာ တကား၊
ဥပ္ပါဒ ဝယ ဓမ္မိနော-ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏၊
ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊
နိရုဇ္ဈန္တိ-ချုပ်ကြကုန်၏၊
တေသံ-ထိုသင်္ခါရတရားတို့၏၊
ဝူပသမော-ချုပ်ငြိမ်းခြင်းသည်၊ (ဝါ) ချုပ်ငြိမ်းရာမှန် ပြည်နိဗ္ဗာန်သည်၊
သုခေါ-ချမ်းသာလှပေ၏။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သိကြားမင်း ပူဇော်တဲ့ဂါထာတဲ့၊ ဆေးဝါးသောက်သုံးရာမှာ ဒီဂါထာ (၇)အုပ်စုပ်ပြီးမှ သောက်သုံးရင် ဆေးစွမ်းပိုထက်တယ်လို့ မိခင်ကြီး ဒေါ်အေးသင် ပြောပြဖူးတယ်။ ဦးကြီးတစ်ယောက် လေဖြတ်ပြီး စိတ်ဓာတ်ကျနေချိန်မှာ ဘဘ သွားပြီး ပြုစုပေးတယ်၊ သုံးလအတွင်း ကောင်းကောင်း လှုပ်ရှားသွားလာနိုင်တာမို့ ဆေးဆရာတွေကတောင် အံ့သြကြတယ်။
ဟိုခေတ်တုန်းကတော့ ကျားဘမ်းပရုတ်ဆီပေါ့ကွာ၊ ခန္ဓာကိုယ်အနံ့ လိမ်းပေး နှိပ်နယ်ပေးတဲ့အချိန်မှာ ဒီဂါထာကို မပြတ် ရွတ်ဆိုပူဇော်တယ်။ နံနက်တစ်ခါ၊ ညတစ်ခါ ဒီအတိုင်းပဲ ပြုစုတယ်။ တခြား ဆေးဝါး မပါဘူး။
ကိုယ်တိုင် မှီဝဲရင်လဲ ဒီဂါထာကို အနည်းဆုံး (၇)ခေါက် ရွတ်ပြီးမှ မှီဝဲသလို သူတစ်ပါးကို ဆေးလိမ်း၊ ဆေးတိုက်
ပြုစုရတဲ့အခါလဲ ဒီဂါထာကို မပြတ်ရွတ်ပွားပူဇော်တယ်။ သာမန်ထက် ပိုပြီး ထိရောက်ပါတယ်။
ခရီးသည်တစ်ဦး
(နက္ခတ္တ ၂၀၀၆-၃)

ဘွဲ့လွန်တန်းနှင့်ဘွဲ့ကြိုတန်းများအတွက် နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု လျှောက်လွှာခေါ်ယူ


ဘွဲ့လွန်တန်းနှင့် ဘွဲ့ကြိုတန်းများအတွက် နိုင်ငံတော်သမ္မတ၏ပညာတော် သင်ဆုလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာများမှတဆင့်ခေါ်ယူနေကြောင်း သိရသည်။ နိုင်ငံတကာတက္ကသိုလ် များတွင် လူငယ်များ လေ့လာ သင်ကြားခွင့် ရရှိစေရန်ရည်ရွယ်၍ထိုကဲ့သို့ခေါ်ယူခြင်းဖြစ်သည်။ လျှောက်ထားသူများသည် မြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော မြန်မာနိုင်ငံသားဖြစ် ရမည်ဖြစ်ပြီး မဟာတန်းပညာသင်ဆုအတွက် တက္ကသိုလ်ဂုဏ်ထူးတန်း (သို့) မဟာအရည် အချင်းစစ်သင်တန်း (သို့) ဘွဲ့လွန်ဒီပလိုမာတန်းအောင်မြင်ပြီးသူများဖြစ်ရ မည်ဖြစ်ပြီး မဟာတန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်ဖြစ်သည်။
ပါရဂူတန်းပညာတော်သင်ဆုလျှောက်ထားသူများသည် မဟာတန်းအောင်မြင် ပြီးသူ (သို့) မဟာသုတေသနဘွဲ့ရရှိပြီးသူဖြစ်ရမည်ဖြစ်ပြီး ဘွဲ့ကြိုတန်းအတွက် ပညာသင်ဆု လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၅၀၀ နှင့်အထက်ရရှိထားသူ (သို့) GCE ‘A’ Level အောင်မြင်ပြီး သူ (သို့) နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တစ်ခုခုအောင်မြင်ပြီးသူဖြစ်ရ မည်ဖြစ်သည်။ လျှောက်ထားရာတွင် ဘွဲ့လက်မှတ်၊ စာမေးပွဲအောင်လက်မှတ်၊ စာမေးပွဲရမှတ်များနှင့် သင်ယူခဲ့သော ဘာသာရပ်များကိုပူးတွဲတင်ပြရမည့် အပြင် TOEFL, IELTS, SAT များကိုဖြေဆိုထားသူများသည်လည်း ရမှတ် များကို တင်ပြနိုင်မည်ဖြစ်သည်။
ဘွဲ့ရရှိပြီး ပြန်လာပါက နိုင်ငံတော်မှပေး အပ်သော အလုပ်တာဝန်ကို ပညာတော်သင်ကာလ နှစ်ဆတိုင် အောင် တာဝန်ထမ်းဆောင်မည်ဟုစာချုပ်ချုပ်ဆိုနိုင်သူဖြစ်ရမည်ဖြစ်ပြီး မထမ်းဆောင်နိုင်ပါက ပညာတော်သင်ကုန်ကျစရိတ်၏ ၃ ဆကိုပြန်လည်ပေးလျော်ရမည်ဟုလည်းဖော်ပြပါရှိသည်။ လျှောက်လွှာများကို နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ် များရှိ ကျောင်းသားရေးရာဌာနတွင် အခမဲ့ရယူ နိုင်မည်ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နေ့နောက်ဆုံးထားလျှောက်ထား ရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုသူများ သည် ပညာရေးဝန်ကြီးဌာန ဖုန်း-၀၆၇-၄၀၇၁၁၃၊ ၀၆၇၄၀၇၅၁၈ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင် မည်ဖြစ် ကြောင်းသိရသည်။

လေဆင်နှာမောင်းကြောင့် မင်္ဂလာဒုံတွင် နေအိမ် ၄၀ခန့်ပျက်စီး


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မင်္ဂလာဒုံမြို့နယ်၊ ရေ ကြည်အိုင်အနီးတွင် ဇူလိုင် ၁၉ ရက် နံနက်က လေဆင်နှာမောင်း တိုက်ခဲ့သဖြင့် အိမ်ခြေ ၄၀ခန့်နှင့် ကြက်မွေးမြူရေးခြံနှစ်ခြံပျက်စီး ကာ လူနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ်အမှတ်(၁) ပြန်လည်နေရာချထားရေးရပ် ကွက်(ပလရ)အုပ်စုရှိ ပြည်လမ်း နှင့် ပုလဲမြို့သစ်ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ကားလမ်း မကြီးဘေးရှိ ဘောဂရပ်ကွက်၌  သွပ်မိုး၊ ၀ါးထရံကာအိမ်ခြေ ၃၇ လုံးနှင့် ရွှေနှင်းဆီးရပ်ကွက်မှ အိမ်  သုံးလုံးတို့ ပြိုကျပျက်ဆီးခဲ့ ကြောင်းရပ်ကွက်အုပ်စုအုပ်ချုပ် ရေးမှူးဦးသက်ဇော်မင်းကပြော သည်။
‘‘အိမ် ခြောက်လုံးကတော့ လုံးဝပြိုကျသွားမယ်။ ကွန်ကရစ် ဓာတ်တိုက် ခုနစ်တိုင်လည်းလဲကျ သွားလို့ မီးတွေပြတ်သွားတယ်။ ဘောဂရပ်ကွက်ဓမ္မာရုံမှာ မြေးအ ဘွားနှစ်ယောက်လုံး  ခေါ်ထား တယ်။ သူတို့အိမ်က လုံးလုံးပြိုကျ သွားတာ။ စည်ပင်ရေသန့်ဌာန၀န် ထမ်းအိမ်လည်း လုံးလုံးပြိုကျပြီး သူ့ခြေထောက်မှာ ဒဏ်ရာရလို့ ဆေးရုံမှာ ခြောက်ချက်ချုပ်လိုက် ရတယ်’’ဟု အမှတ်(၁)ပြန်လည် နေရာချထားရေးရပ်ကွက်(ပလ ရ)အုပ်စု အုပ်ချုပ်ရေးမှူးဦးသက် ဇော်မင်းကပြောသည်။
ညာဘက်ခြေသလုံးတွင် ကန့်လန့်ဖြတ်ဒဏ်ရာ   ရခဲ့၍ ခြောက်ချက်ချုပ်ခဲ့ရပြီးနောက် ၎င်းအိမ်လည်းအိမ်တိုင်ပါကျွတ် ထွက်သွားသောကြောင့်သူငယ် ချင်းအိမ်တွင် ခေတ္တတည်းခိုနေရ ကြောင်း ကိုသက်နိုင်ထွေးကပြော သည်။
‘‘လေတိုက်တဲ့အချိန်မှာ သ မီးအကြီးကအိမ်အပြင်ရောက်နေ လို့ လိုက်ဆွဲရင်းအိမ်လယ်တိုင်က ကျွတ်ထွက်ပြီး လွင့်ထွက်သွား တယ်။ ညာဘက်ခြေက ဘယ်လို လုပ်ထိခိုက်မိတယ်မသိဘူး။ ခြောက်ချက်ချုပ်လိုက်ရတယ်။ လည်ပင်းလည်း ပွန်းမိသွားတယ်’’ ဟု ကိုသက်နိုင်ထွေးကပြော သည်။
ထိုနေ့ နံနက် ၆နာရီအချိန် ခန့်က လေတိုက်သံကြားပြီး နောက် မိနစ် ၂၀အတွင်းပေ ၇၀ ရှည်ကာ ပေ ၂၀ကျယ်သော ကြက်မွေးမြူရေးခြံနှစ်ခြံ  ပြိုကျခဲ့သ ဖြင့် ကြက်ကောင်ရေသုံးရာသေ ဆုံးခဲ့ကြောင်း ကြက်ခြံပိုင်ရှင်ဦးစိုး ပိုင်ကပြောသည်။
‘‘ငါးဆယ်သား၊ ခြောက် ဆယ်သားအရွယ်တွေအကောင် သုံးရာသေကုန်တယ်။ ကြက်ခြံ ပြင်ထားတာတောင် တစ်လပဲရှိ သေးတယ်။ အစာတွေလည်းတစ် သိန်းဖိုးလောက်   ပျက်စီးကုန် တယ်။ လုပ်ငန်းကို ဘယ်လိုပြန် လုပ်ရမှန်းတောင်မသိတော့ဘူး။ မသေတဲ့  ကြက်အကောင်တစ် ထောင်လောက်ကိုတော့ သူငယ် ချင်းခြံမှာ ရွှေ့ထားတယ်’’   ဟု ၎င်းကပြောသည်။
ထိုသို့ လေဆင်နှာမောင်း တိုက်ခတ်နေစဉ် ဒေါ်သန်းသန်း ဌေးဆိုသူမှာလည်းကြောက်လန့် ကာ မူးမေ့လဲကျသွားကြောင်း ပြောသည်။
‘‘ဖြစ်ဖြစ်ချင်းလန့်ပြီးမူးမေ့ လဲကျသွားတာ။ ပုလဲဆေးရုံမှာ သွားပြခဲ့တယ်။ သက်သာပါ တယ်။ အခုတော့ အိမ်ကိုမိုးကာနဲ့ အုပ်ပြီး ထားရတယ်။မီးတွေပြတ် သွားတယ်။ ထမင်းထုပ်တွေလာ ပေးပါတယ်’’ဟု ဒေါ်သန်းသန်း ဌေးကပြောသည်။
အဆိုပါလေဆင်နှာမောင်း တိုက်ခတ်ခံရသည့် နေရာသို့အနီး ရှိ တပ်မတော်အရာရှိနှင့်တပ်မ တော်သားများရောက်ရှိကာ လဲပြို နေသည့် သစ်ပင်များကို ရှင်း လင်းပြီး၊   ကြက်ခြံကိုလည်းဝိုင်း ၀န်းရှင်းလင်းပေးကြောင်း တွေ့ရှိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးများမှာ အပျက်အစီး စာရင်းများ  တွက်ချက်ခြင်း၊ စားစရာများဝေငှပေးခြင်းနှင့် စည် ပင်ဌာနနှင့် လျှပ်စစ်ဌာနတို့က လျှပ်စစ်မီးပြန်လည်ရရှိစေရန် စီ စဉ်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရွှေပြည်သာမြို့ နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ အင်းပေါက်စုတောင်ပိုင်းနှင့်ဇီး ကုန်းတပ်နယ်လိုင်းတွင် အင်အား လျော့လေဆင်နှာမောင်းတိုက်သ ဖြင့်အိမ်အချို့နှင့် ဓမ္မာရုံတို့တွင် အမိုးသွပ်များ လွင့်သွားကြောင်း သတင်းရရှိသည်။
မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်က ဇူလိုင် ၂၉ ရက် နေ့တွင် ဘင်္ဂလားပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်းဒေသများ တွင် လေနှင့်မိုးများတိုက်ခတ်ရွာသွန်းနိုင်ကြောင်း ထုတ်ဖော်သတိပေး ထားသည်။