Friday, April 26, 2013

ငွေကျပ် ၃၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


ဧပြီ ၁၉ ရက်က မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာမည့် ရထားပေါ်၌ မူးယစ် သတင်းအရ ရှာဖွေရာ ငွေကျပ်၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှာဖွေ ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာမည့် အမှတ်(၅၈) အစုန်ရထား ပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင် လာကြောင်း သတင်းအရ မြစ်ကြီးနား (မူးယစ်)တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ရထား ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် အတူ ပူးပေါင်းကာ ရိုးရိုးတန်း တွဲ(၃) ခုံအမှတ်(၂၃)တွင် စီးနင်း လိုက်ပါလာသူ ငယ်ငယ် ဆိုသူအား စစ်ဆေး ရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ခေါက်ဆွဲ ဂျပ်ဖာအတွင်း ခေါက်ဆွဲထုပ် များဖြင့် ရောနှောကာ အစိမ်းရောင် ဆပ်ပြာခွက် နှစ်ခွက်အတွင်း ဘိန်းဖြူအမှုန့် ၁၃ ဂရမ် ပါတစ်ထုပ်နှင့် ၁၃ ဒသမ ၃ ဂရမ်ပါတစ်ထုပ်၊ ကာလ တန်ဖိုးငွေကျပ် ၃၁၂၈ဝဝဝ ရှိဘိန်းဖြူ ၃၉ ဒသမ ၁ ဂရမ်အား ရှာဖွေဖမ်းဆီး ရမိခဲ့သည်။ ၎င်းဘိန်းဖြူများမှာ မိုးကောင်းမြို့နမ္မနကျေး ရွာနေ ရွှေမိုး(ခ)မိုးကြည်ပိုင် ပစ္စည်းများ ဖြစ်ကာ ဘိန်းဖြူများကို သယ်ဆောင်ခ ငွေကျပ် သုံးသိန်းဖြင့် တစ်ဆင့် သယ်ယူ ပေးကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါးများ လက်ဝယ် တွေ့ရှိသူ ငယ်ငယ်၃၉ နှစ်(ဘ) ဦးတင်ဝင်းနှင့် ရွှေမိုး(ခ)မိုးကြည် ၃၆ နှစ်(ဘ)ဦးသန်းလှ မိုးကောင်း မြို့နယ် နေသူနှစ်ဦးအား မြစ်ကြီးနားမြို့ အမှတ်(၂) ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၃/၂ဝ၁၃ ၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေး ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

http://bit.ly/15MnDkd

0 comments:

Post a Comment