Tuesday, April 23, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ် ၁၁၉၀၀၀ ကို ပထမဆုံး အသုတ်အဖြစ် စတင်ရောင်းချမည်



4.21.2
ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၅၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ ဖုန်းလျှောက်နေမှုကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပထမဦးဆုံးလအတွက် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ် ၁၁၉၀၀၀ ကို ဧပြီလ ၂၄ ရက်တွင် စတင်ရောင်းချ ပေးမည်ဖြစ်ပြီး လူဦးရေ လေးသိန်းနီးပါး ရှိသော လှိုင်သာယာမြို့နယ်သို့ ဖုန်းကတ်အရေအတွက် ၆၆၀၀ ဖြင့် အများဆုံး ခွဲတမ်းချရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွက် ခွဲတမ်းဖုန်းကတ် အရေအတွက် ၁၁၉၀၀၀ အနက် အစိုးရ၀န်ထမ်းများ အတွက် ဖုန်းကတ် ၃၀၀၀၀ ရောင်းချပေးမည်ဖြစ်ပြီး အစိုးရ၀န်ထမ်း မဟုတ်သော ပြည်သူများအတွက် ကတ်အရေအတွက် ၈၉၀၀၀ ကို မဲနှိုက်ရောင်းချ ပေးသွားမည်ဖြစ်သည်။
“ခွဲတမ်းကတ် ၁၁၉၀၀၀ ထဲကမှ ဌာန ၇၇ ခုက အစိုးရ၀န်ထမ်း ဦးရေ ၁၂၀၀၀၀ ကျော်အတွက် ခွဲတမ်းကို စုစုပေါင်းရတဲ့ ကတ်အရေအတွက်ရဲ့ လေးပုံတစ်ပုံ သတ်မှတ်ပေးခဲ့တဲ့အတွက် အစိုးရ၀န်ထမ်းတွေက ကတ် ၃၀၀၀၀ ၀ယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဓိက ပွင့်လင်းမြင်သာမှုရှိအောင် ရောင်းပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို ဖုန်းကတ်တွေ လျှောက်ထားဝယ်ယူခြင်း မပြုစေဘဲ အများပြည်သူကို ဦးစားပေး ရောင်းချပေးဖို့ စီစဉ်ညွှန်ကြားထားတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်းကတ်များကို မဲနှိုက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၏ စီစဉ်မှုဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မြို့နယ်များအား ဖုန်းကတ်ခွဲတမ်းများ ချပေးရာတွင် မြို့နယ်ရှိ လူဦးရေ၊ မြို့နယ်အတွင်း ယခင်ရောင်းချခဲ့ပြီးဖြစ်သော မိုဘိုင်းဖုန်း အရေအတွက်ကို အခြေခံ၍ ခွဲတမ်းသတ်မှတ်ပေးခြင်းဖြစ်သည်။
“မြို့နယ်တွေကို ဖုန်းကတ်တွေ ပြန်ခွဲတဲ့အခါမှာ နံပါတ်တစ်- မြို့နယ်ရဲ့လူဦးရေ၊ နံပါတ်နှစ်-ဆက်သွယ်ရေးက အရင်ရောင်းချ ပေးထားတဲ့ ဖုန်းကတ်စာရင်းတွေနဲ့ ညှိနှိုင်းပြီး ခွဲတမ်းချပေးတာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကတ်တွေ ရောင်းချပေးတဲ့ နေရာမှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ ပြဿနာတွေ မဖြစ်အောင် ရောင်းချပေးဖို့အတွက် ညွှန်ကြားခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တစ်နိုင်ငံလုံး ရောင်းချပေးမည့် မိုဘိုင်းဖုန်းကတ် အရေအတွက် ၃၅၀၀၀၀ ၏ သုံးပုံတစ်ပုံကျော်ခန့် ဖြစ်သည့် ဖုန်းကတ်အရေအတွက် ၁၁၉၀၀၀ ကို ရန်ကုန်တိုင်း ဒေသကြီးမှ ခွဲတမ်းရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် လှိုင်သာယာမြို့နယ်အား ဖုန်းကတ်အရေအတွက် ၆၆၀၀ ဖြင့် အများဆုံး ရောင်းချပေးမည်ဖြစ်ကာ လှိုင်သာယာမြို့နယ်တွင် လက်ရှိ ဖုန်းအလုံးရေ ၇၀၀၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ဖုန်းကတ်အနည်းဆုံး ခွဲတမ်းရရှိသည့် မြို့နယ်မှာ ဆိပ်ကမ်းမြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်တွင် လူဦးရေ ၁၅၅၀ ကျော်သာ ရှိသည့်အနက် ဖုန်းကိုင်ဆောင် အသုံးပြုသူဦးရေ များပြားသောကြောင့် ယင်းမြို့နယ်အတွက် ခွဲတမ်းဖုန်းကတ် ၅၀ သာ ရရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ် အပါအ၀င် မြို့နယ် ၄၅ ခုရှိပြီး ယခုရောင်းချပေးမည့် စီဒီအမ်အေ ၈၀၀ ဖုန်းကတ်များမှာ ကိုကိုးကျွန်းမြို့နယ်တွင် အသုံးပြုနိုင်ခြင်း မရှိသောကြောင့် ယင်းမြို့နယ်တွင် ရောင်းချပေးမည် မဟုတ်ဟု သိရသည်။

0 comments:

Post a Comment