Wednesday, April 10, 2013

ခေတ်မီမြို့ပတ် ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေး အချက်အချာနေရာ (မူဆယ်) စီမံကိန်းကို New Star Light Construction ကုမ္ပဏီ လုပ် ကိုင်ခွင့် ရရှိ


ခေတ်မီမြို့ပတ် ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေး အချက်အချာကျ
(မူဆယ်) စီမံကိန်းအား New Star Light Construction ကုမ္ပဏီအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ၁၂/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် New Star Light Construction ကုမ္ပဏီအား ခေတ်မီမြို့ပတ် ကမ်းနား
လမ်းနှင့် ဗဟိုစီးပွားရေး အချက်အချာနေရာ(မူဆယ်)စီမံကိန်း တည်ဆောက်
ခြင်းလုပ်ငန်းအား ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

New Star Light Construction ကုမ္ပဏီအနေဖြင့် အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၆ သန်း အပါအ၀င် ကျပ်သန်းပေါင်း ၅၁,၅၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု MIC သို့ တင်ပြထားချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့အား အဆင့်မြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် လုပ်ကိုင်ရန်အတွက်
New Star Light Construction ကုမ္ပဏီအပြင် IGE ကုမ္ပဏီမှလည်း တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။

IGE ကုမ္ပဏီမှလည်း မူဆယ်ဒေသတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထူးစီမံကိန်း အမည်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက လျှောက်ထားခဲ့ကြောင်း၊
ကုမ္ပဏီ တစ်ခုတည်းအား မြို့ပြစီမံကိန်း တစ်ခုလုံးပေးရန် မသင့်၍ ခွင့်ပြုမပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း အစည်းအဝေး (၁၂) ကြိမ် ပြုလုပ်ထားပြီး မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းပေါင်း ၃၀ ကျော်အထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း
များထဲတွင် BOT စနစ်ဖြင့် လမ်းတံတားများအား ပြုပြင်ထိန်းသိမ်းပြီး လမ်းတံတားကြေး ကောက်ခံသည့် လုပ်ငန်းအပါအ၀င် အရက်ဘီယာ လုပ်ငန်းများလည်း ပါဝင်သည်။

0 comments:

Post a Comment