Tuesday, April 23, 2013

လက်နက်တင်ပို့မှုမှလွဲ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူ ထားမှုများကို ဥရောပသမဂ္ဂ EU ရုပ်သိမ်း



လက်နက်တင်ပို့မှုမှလွဲ ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဥရောပသမဂ္ဂ EU က ရုပ်သိမ်းကြောင်း ဧပြီ လ ၂၂ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး၊ ကုန်သွယ်ခွင့်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအား အသိအမှတ်ပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရုပ်သိမ်းချက်များတွင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် လက်နက်ရောင်းချခွင့် ပိတ်ပင်မှုကိုမူ ဆက်လက်ထား ရှိသွားမည် ဖြစ်ကြောင်း သိရသည်။
EU ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းများအား ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''ဥရောပသမဂ္ဂ ၀န်ကြီးများ အစည်းအဝေးက မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အဲဒါတွေ ဆက်တိုက်ဖြစ်မယ်လို့ မျှော်လင့်တဲ့အတွက် ဒီလိုဆုံးဖြတ်ရတာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကန့်ကွက်သူမရှိ တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း'' ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။
''ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိဂ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်စရာတွေ ရှိနေပေမယ့် အခုဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဟာ သိသာထင်ရှားပြီး လေးနက်တဲ့ အဓိပ္ပါယ်ဆောင်တဲ့အတွက် ပိတ်ဆို့မှုများကို အပြီးတိုင် ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ သူကပဲမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်စေဖို့နဲ့ ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက်ကူညီ သွားမယ်လို့လည်း ပြောပါတယ်'' ဟု ရေးသားထားသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှုများအား ဇန်န၀ါရီလအတွင်းက ပထမအဆင့် ဖြေလျော့သည့် အနေဖြင့် သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိများအား ဗီဇာပိတ်ပင်တားမြစ်ခြင်းကို ဖြေလျော့ပေးခဲ့သည်။

0 comments:

Post a Comment