Monday, April 8, 2013

စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ


စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေ ဟာ ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေး သူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်ဝါရီလ ကတည်း က အိမ်ရှင်တွေဆီ ကနေ ထွက်ပြေးခဲ့သူ မြန်မာအိမ်ဖော်အမျိုးသမီး (၃၂) ဦး ရှိနေ ကြောင်း၊ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာ ထွက်ပြေးသူ (၆၄) ယောက်ရှိခဲ့တာကြောင့် ဒီနှစ်မှာ ထွက်ပြေးသူ အရေ အတွက် ပိုများလာဖွယ်ရှိကြောင်း သတင်းက ဆိုပါတယ်။
မြန်မာအိမ်ဖော်အမျိုးသမီးတွေရဲ့ တစ်လလုပ်ခ လစာဟာ စင်္ကာပူ ဒေါ်လာ (၄၀၀ - ၄၂၀) အထိသာ ရကြပြီး အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီကို ပြန်ဆပ် ဖို့က စင်္ကာပူ ဒေါ်လာ (၃၂၀၀) ကနေ (၃၃၆၀) အထိ ရှိတာကြောင့် တစ်လ စင်္ကာပူ ဒေါ်လာ (၁၀-၂၀) လောက်သာရကြကြောင်း၊ တချို့ဆိုရင် (၈) လလောက်အထိ လစာမရဘဲ၊ အကြွေးအကျေ ဆပ်ပြီးမှသာ လစာရကြ တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရက အမျိုးသမီးတွေ ပြည်ပနိုင်ငံတွေမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်တာတွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေကို တားမြစ်ထားပေမဲ့၊ စင်္ကာပူနိုင်ငံကို အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင် သူတွေ တနှစ်ထက်တစ်နှစ်ပိုပြီး များလာတယ်လို့ သိရပါတယ်။
အိမ်ဖော်အလုပ်ရှာဖွေပေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ စင်္ကာပူမှာ အိမ်ဖော် အဖြစ် လာရောက်လုပ်ကိုင်တဲ့ မြန်မာ အမျိုးသမီး အရေအတွက်ဟာ ပြီးခဲ့ တဲ့နှစ် က နှစ်သောင်းလောက်သာ ရှိပေမဲ့၊ ဒီနှစ် ပထမလေးလ အတွင်း ၂၇,၀၀၀ နီးပါးအထိ ရှိနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

0 comments:

Post a Comment