Monday, April 1, 2013

သူငယ်ချင်း





တိုင်းပြည်ရဲ့မြောက်ဘက်ခြမ်
လျှိုမြောင်စိမ့်စမ်းတွေ ပေါတဲ့ဒေသ
အမြောက်သံ ... ဗုံးသံတွေက
တအုန်းအုန်း ဆူဆူညံညံ
သေနတ်သံတွေက မစဲ
စစ်ပွဲ ... စစ်ပွဲ ... စစ်ပွဲ ...။

မျိုးတူ ... ဇာတ်တူအချင်းချင်း
ဟင်္သာမင်းတို့ အားပြိုင်
ကိုယ့်နိုင်ငံလူမျိုးချင်း ခင်းကြတဲ့စစ်
အရင်းစစ်တော့ ပြည်တွင်းစစ်
ဆိုးညစ်ကြသမျှ အမျိုးချစ်ကြသတဲ့လေ
သေခါမှ လျှော့မည့်ဇွဲ
တလွဲသုံးပြီး အချိန်ဖြုန်း
လူမျိုးတုန်းမည့် ဒီစစ်ပွဲ ...။

ဒီစစ်ပွဲကြောင့်
ကြောင့်ကြရတဲ့ရွာသားတွေ
ကိုယ့်ရွာကိုယ့်မြေ နေလို့မရ
ပြေးရလွှားရ မျက်ရည်စတွေနဲ့
အနူးရေ သမီးကြောက်တယ်
အ၀ါးရေ သားကြောက်တယ်
ဥမမည်ကလေးများရဲ့ ငိုညည်းသံ
တောင်ယံကြားမှာ ဆူညံနေဆဲ ...။

မပြေးနိုင် မလွှားနိုင်
ငေးငိုင်နေရသည့် လူကြီးမိဘများ၏ဒုက္ခ
ရှေ့ကဆွဲ နောက်ကတွဲ
ဗိုက်ကြီးတစ်ခွဲသားနဲ့ ပြေးသွားနေရှာသည့်
သားသည် မိခင်တို့ရဲ့ ဒုက္ခ ...။

ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်
အမိုက်မှောင်ဖုံး တစ်ရွာလုံးပြေးကြရ
ဒုက္ခသည်စခန်းတွေဆိုတာ
အပန်းဖြေနားနေရမည့် ပန်းမြို့တော်မဟုတ်
စုတ်ပြတ်သတ်နေသည့် တဲ
လူမွဲတို့၏ ဘုံဗိမာန်
ကျည်ဆန်ရာဗရပွနဲ့ လာသမျှလက်ခံ
မနက်ဖြန်ဆိုတာ မရေမရာ
သေတာကမှ ကောင်းဦးမည်ဟု
ရင်ကိုထု၍ ငိုပွဲဆင်နေသူတွေ
ရေတွက်လို့မရအောင် တစ်နေ့တစ်ခြားများခဲ့ပြီ...

တဲလေးနဲ့ မဝေးတစ်ဝေး
လရောင်ရေးရေးအောက်မှာ
အမြောက်သံတွေက ညံမစဲ
ပစ်ကြဆဲ ... ခတ်ကြဆဲ
အသည်းကောင်းလို့ ပွဲတောင်းနေဆဲ
မိုးသည်းလည်းမရှောင် နေလောင်လည်းမမှု
သူ့ဘက်ကိုယ့်ဘက်
နှစ်ဖက်စလုံး တုံးလုံးပက်လက်
ဒုန်းဒုန်း ဒက်ဒက်
စက်သေနတ်သံတွေကြားမှ
အီး .. အီး .. အား .. အား .. ညည်းတွားသံတွေ
ဤကမ္ဘာမြေကြီးများ ပျက်စီးသွားပြီလားထင်ရ ...။

သူမှားသည်ဖြစ်စေ ကိုယ်မှားသည်ဖြစ်စေ
ပြည်သူတွေမျက်ရည် မခန်းခြောက်မီ
ရပ်တန်းကရပ်ကြပါစို့ သူငယ်ချင်း ...။

0 comments:

Post a Comment