Monday, April 8, 2013

နိုင်ငံတော်သမ္မတနှင့် သင်္ကြန်မတိုင်မီ တွေ့ဆုံရန် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် တင်ပြထား

နိုင်ငံတော်သမ္မတနှင့် သင်္ကြန်ကာလ မတိုင်မီ တွေ့ဆုံဆွေးနွေးနိုင်ရန် ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားသည်။
အဆိုပါကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ တင်ပြမည့် မတ် ၃၁ ရက် အစား ထပ်မံပြင်ဆင် သတ်မှတ်သည့် ဧပြီ ၂၃ ရက် မတိုင်မီ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခွင့် ပြုမည့်ရက်ကို တင်ပြထားကြောင်း ကော်မရှင်အဖွဲ့ဝင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောသည်။
“ကော်မရှင်ရုံးအဖွဲ့ကနေ သိရတာက သင်္ကြန်မတိုင်ခင် ဧပြီ ၁၀ ရက် သို့မဟုတ် ၁၁ ရက်ကို သမ္မတနဲ့တွေ့ဖို့ တင်ပြထားတယ်လို့ ပြောတယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့ရမယ့်ကိစ္စ ဆိုတော့ ဘယ်ရက်မှာ တွေ့မယ်ဆိုတာကို ကျွန်မတို့အနေနဲ့ အသေအချာ မသိရသေးဘူး။ သမ္မတနဲ့တွေ့တဲ့ အခါမှာလည်း ကော်မရှင်တစ်ဖွဲ့လုံး သွားစရာလိုချင်မှ လိုပါမယ်။ အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ဆွေးနွေးဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်က ထုတ်ပြန်သော ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ၎င်းတို့၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်တွင် နိုင်ငံတော်သမ္မတထံ တင်ပြရန် သတ်မှတ်ထားခဲ့ပြီး ၎င်းသတ်မှတ်ရက်အမီ တင်ပြရန် အသင့်ပြုစုထားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် အစီရင်ခံစာပါ အချို့သော တွေ့ရှိချက်များနှင့် ၎င်းတို့အပေါ် ကော်မရှင်၏ ထင်မြင်သုံးသပ် အကြံပြုချက်များသည် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ နယ်နိမိတ်ကို ကျော်လွန်ဆက်စပ်နေသော ကိစ္စများ ပါရှိလာသဖြင့် ဤအစီရင်ခံစာ မတင်ပြမီ အစိုးရအဖွဲ့သို့ တင်ပြဆွေးနွေးထားခြင်းဖြင့် လက်တွေ့ကျသော အစီရင်ခံစာတစ်ခု ဖြစ်လာမည်ဟု ကော်မရှင်မှ သုံးသပ်ရရှိကြောင်း၊ ကော်မရှင်သည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား၊ ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသော ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားများ ရေရှည်တည်တံ့ တိုးတက်စေရန် ရည်ရွယ်ပြင်ဆင် ပြုစုထားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခု နှစ် ဇွန် ၈ ရက်က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာရသူ ၅၄ ဦး၊ လူနေအိမ် ၂၂၃၀၊ ဘာသာရေး အဆောက်အအုံ ၁၄ ခု မီးလောင်ပျက်စီးခဲ့ပြီး ၆၁၄၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်းနှင့် အောက်တိုဘာလအတွင်း ထပ်မံဖြစ်ပွားခဲ့သော ပဋိပက္ခများ ကြောင့်လည်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ လူနေအိမ် ၅၁၅၁ အိမ် ပျက်စီးခဲ့ကာ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။





0 comments:

Post a Comment