Tuesday, April 23, 2013

လူရည်ချွန်များအနက် ထူးချွန်သူများအား ပြန်ရွေး၍ ပြည်ပသို့ စေလွှတ်ရန် စီစဉ်



4.21.2
ထူးချွန်ကျောင်းသားများ တောင်ကြီးမြို့မဈေးသို့ ဧပြီလ ၃ ရက်က လေ့လာရေးခရီး ထွက်စဉ်
၂၀၁၂-၁၃ ပညာသင်နှစ်၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရွေးချယ်ထားသော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် ရှိသည့်အနက် ထူးချွန်သော လူရည်ချွန် အချို့အား ပြန်လည်ရွေးချယ်၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်ရန် စီစဉ်ထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိ ရွေးချယ်ထားသော လူရည်ချွန်များအား ပြည်တွင်းလေ့လာရေး ခရီးစဉ်များအဖြစ် အဋ္ဌမတန်း လူရည်ချွန်များကို ပုဂံဒေသသို့လည်းကောင်း၊ န၀မတန်း လူရည်ချွန်များကို အင်းလေးကန် ဒေသသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း လူရည်ချွန်များကို ငွေဆောင်ကမ်းခြေ ဒေသသို့ လည်းကောင်း ဧပြီလ ပထမပတ်အတွင်းက နွေရာသီ လေ့လာရေး ခရီးစဉ်အဖြစ် အသီးသီး စေလွှတ်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ ပြည်တွင်းခရီးစဉ်များအပြီး ၎င်းတို့အနက်မှ ထူးချွန်ထက်မြက်သော လူရည်ချွန် ၂၅ ဦးမှ ၃၀ ဦးခန့် ထပ်မံရွေးချယ်ကာ ပြည်ပခရီးစဉ်များသို့ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
သို့ရာတွင် အဆိုပါ လူရည်ချွန်များကို ပြည်ပလေ့လာရေး ခရီးစဉ်သို့ စေလွှတ်မည့်နိုင်ငံနှင့် စေလွှတ်မည့် အချိန်များကိုမူ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်။
"စေလွှတ်မယ့် အချိန်နဲ့ နိုင်ငံတွေကို လက်ရှိမှာ အသေးစိတ် မသိရသေးပါဘူး" ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောသည်။
အခြေခံ ပညာကဏ္ဍ၌ ဘက်စုံထူးချွန် လူရည်ချွန်ရွေးချယ်မှု အစီအစဉ်များကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ရပ်နားခဲ့ရာမှ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment