Thursday, July 31, 2014

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်


အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။
သြဂုတ်လ ၁၅ ရက်နေ့အထိ အင်တာနက်စနစ်ကို 20MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သော်လည်း ကန့်သတ်ရက် ကျော်လွန်ပါက 1MB လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း အော်ရီဒူးအရောင်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။ အဆိုပါ အင်တာနက်ဈေးနှုန်းသည် အသုံးပြုသူများအတွက် များပြားသည့်နှုန်းထားဖြစ်သည်ဟုလည်း အင်တာနက်အသုံးပြုသူများ က ဝေဖန်ထားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဒေတာစနစ်ကူးပြောင်း၍ အင်တာနက်အသုံးပြုခကောက်ခံမည်ဟု ကြေညာခဲ့သောဈေးနှုန်းသည် ယခုကဲ့သို့များပြားခြင်းမရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန် ထောက်ပြခဲ့သည်။
အော်ရီဒူးသည် ၎င်းတို့၏ဖုန်းလိုင်းများအချင်းချင်း ခေါ်ဆိုမှုကို ၂၅ ကျပ်အဖြစ် သတ် မှတ်ပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းများဆီသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ခဲ့သည်။ စာတိုပို့စနစ်၌လည်း အော်ရီဒူးသည် မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်နှုန်းထားများအတိုင်း စာတိုတစ်စောင်လျှင် ၂၅ ကျပ်သာ ပြန်လည်သတ်မှတ်ပေးခဲ့သည်။ ထူးခြားမှုအနေဖြင့် အော်ရီဒူးသည် ၎င်းတို့မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ငွေဖြည့်ကတ်များကို ၁ ထောင်ကျပ်မှစတင်၍ ၂ သောင်းကျပ်အထိ ၀ယ်ယူအသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
Internet Journal

0 comments:

Post a Comment