Wednesday, July 30, 2014

ဘွဲ့လွန်တန်းနှင့်ဘွဲ့ကြိုတန်းများအတွက် နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု လျှောက်လွှာခေါ်ယူ


ဘွဲ့လွန်တန်းနှင့် ဘွဲ့ကြိုတန်းများအတွက် နိုင်ငံတော်သမ္မတ၏ပညာတော် သင်ဆုလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာများမှတဆင့်ခေါ်ယူနေကြောင်း သိရသည်။ နိုင်ငံတကာတက္ကသိုလ် များတွင် လူငယ်များ လေ့လာ သင်ကြားခွင့် ရရှိစေရန်ရည်ရွယ်၍ထိုကဲ့သို့ခေါ်ယူခြင်းဖြစ်သည်။ လျှောက်ထားသူများသည် မြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော မြန်မာနိုင်ငံသားဖြစ် ရမည်ဖြစ်ပြီး မဟာတန်းပညာသင်ဆုအတွက် တက္ကသိုလ်ဂုဏ်ထူးတန်း (သို့) မဟာအရည် အချင်းစစ်သင်တန်း (သို့) ဘွဲ့လွန်ဒီပလိုမာတန်းအောင်မြင်ပြီးသူများဖြစ်ရ မည်ဖြစ်ပြီး မဟာတန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်ဖြစ်သည်။
ပါရဂူတန်းပညာတော်သင်ဆုလျှောက်ထားသူများသည် မဟာတန်းအောင်မြင် ပြီးသူ (သို့) မဟာသုတေသနဘွဲ့ရရှိပြီးသူဖြစ်ရမည်ဖြစ်ပြီး ဘွဲ့ကြိုတန်းအတွက် ပညာသင်ဆု လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၅၀၀ နှင့်အထက်ရရှိထားသူ (သို့) GCE ‘A’ Level အောင်မြင်ပြီး သူ (သို့) နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တစ်ခုခုအောင်မြင်ပြီးသူဖြစ်ရ မည်ဖြစ်သည်။ လျှောက်ထားရာတွင် ဘွဲ့လက်မှတ်၊ စာမေးပွဲအောင်လက်မှတ်၊ စာမေးပွဲရမှတ်များနှင့် သင်ယူခဲ့သော ဘာသာရပ်များကိုပူးတွဲတင်ပြရမည့် အပြင် TOEFL, IELTS, SAT များကိုဖြေဆိုထားသူများသည်လည်း ရမှတ် များကို တင်ပြနိုင်မည်ဖြစ်သည်။
ဘွဲ့ရရှိပြီး ပြန်လာပါက နိုင်ငံတော်မှပေး အပ်သော အလုပ်တာဝန်ကို ပညာတော်သင်ကာလ နှစ်ဆတိုင် အောင် တာဝန်ထမ်းဆောင်မည်ဟုစာချုပ်ချုပ်ဆိုနိုင်သူဖြစ်ရမည်ဖြစ်ပြီး မထမ်းဆောင်နိုင်ပါက ပညာတော်သင်ကုန်ကျစရိတ်၏ ၃ ဆကိုပြန်လည်ပေးလျော်ရမည်ဟုလည်းဖော်ပြပါရှိသည်။ လျှောက်လွှာများကို နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ် များရှိ ကျောင်းသားရေးရာဌာနတွင် အခမဲ့ရယူ နိုင်မည်ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နေ့နောက်ဆုံးထားလျှောက်ထား ရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုသူများ သည် ပညာရေးဝန်ကြီးဌာန ဖုန်း-၀၆၇-၄၀၇၁၁၃၊ ၀၆၇၄၀၇၅၁၈ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင် မည်ဖြစ် ကြောင်းသိရသည်။

0 comments:

Post a Comment