Wednesday, July 30, 2014

ဂါဇာမွတ်စလင်များကို မြန်မာမွတ်စလင်များ အိဒ်နေ့တွင် ကရုဏာသက်ဆုတောင်းပေး


 
အိဒ်ပွဲတော်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေလမ်းမပေါ်ရှိ ဝတ်ပြုဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင်မိသားစုတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
အိဒ်ပွဲတော်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေလမ်းမပေါ်ရှိ ဝတ်ပြုဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင်မိသားစုတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
မြန်မာမွတ်စလင်များ၏ ဥပုသ်ထွက်အိဒ်ပွဲတော်ကို နိုင်ငံတစ်ဝန်း ဇူလိုင်လ ၂၉ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်များ တစ်လကြာ ဥပုသ်ဆောက်တည်ပြီးနောက် အိဒ်ပွဲတော်ကို နံနက် ၆ နာရီ မှ ၇ နာရီခွဲကြား မြန်မာပြည်အနှံ့အပြားရှိ ဗလီများတွင် အထူးဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ဟု အစ္စလာမ်ဓမ္မဗိမာန် အကျိုးတော်ဆောင်အဖွဲ့မှ အကျိုးဆောင်ချုပ် ဟာဂျီဦးအေးလွင်က ဆိုသည်။
ကမ္ဘာတစ်ဝန်း အစ္စလာမ်ဘာသာဝင်များ အိဒ်ပွဲတော်ဆင်နွှဲနေကြချိန်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်စစ်သွေးကြွများအကြား တိုက်ပွဲများကြောင့် အိဒ်ပွဲတော်မှာ တိတ်ဆိတ်နေပြီး စစ်ဒဏ်ခံကလေးတချို့မှာ ဆေးရုံပေါ်တွင် ရှိနေကြသည်။
ဂါဇာမွတ်စလင်များ အိဒ်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပနိုင်မှု မရှိခြင်းနှင့် ပဋိပက္ခများကြောင့် အစ္စလာမ်ဘာသာဝင်များ အေးချမ်းစွာ မနေထိုင်နိုင်ခြင်းတို့အပေါ် ဆုတောင်းမှုများပြုခဲ့သည်ဟု ဟာဂျီဦးအေးလွင်က ဆိုသည်။
“ဂါဇာအရေးဟာ အစ္စလာမ်တွေရဲ့ ဘာသာရေး မဟုတ်ပါဘူး။ အဲဒီမှာဖြစ်နေတဲ့ နှစ်ဖက်က လက်ရှိအာဏာရှိသူတွေရဲ့ စနစ်ကြောင့်ဖြစ်နေရတဲ့ ပဋိပက္ခဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကမူ မြန်မာနိုင်ငံတွင် အစ္စလာမ်ဥပုသ်ထွက်ပွဲတော်ကို ချောချောမောမော ပြီးဆုံးပြီဖြစ်သည့်အတွက် ကြိုဆိုကြောင်းနှင့် ဥပုသ်ကာလတွင် အကြမ်းဖက်သမားများက ကိုယ်ကျိုးရှာ ဖန်တီးသည့် ပဋိပက္ခများမှ ကျော်လွှားနိုင်သည့်အတွက်လည်း ၀မ်းမြောက်မိကြောင်း မဇ္ဈိမကို မိန့်ကြားသည်။
ဒိုင်းမွန်းဦးရွှေကြည်သည် အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ထွက်ပြီးဖြစ်သည့်အတွက် ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များအား ဂါရ၀ပြုခြင်း၊ လှူဒါန်းခြင်းများ ပြုလုပ်သည့်ကို တွေ့ရသည့်အတွက် ဘာသာမတူသူများအပေါ် ဂါရ၀ထားသည့်အပေါ် ၀မ်းမြောက်မိကြောင်းလည်း ဦးဝီရသူက မိန့်ကြားသည်။
မောင်တောမြို့နယ် ဂေါ်ဒုသာရကျေးရွာနေ အစ္စလာမ်ဘာသာဝင် ဦးညီညီစိုးကလည်း မောင်တောမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များက အိဒ်ပွဲတော်ကို ကျင်းပခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။
“၀တ်ပြုတဲ့အခါ တစ်ကမ္ဘာလုံးက အစ္စလာမ်ဘာသာဝင်တွေအတွက် အမြဲတမ်း ဆုတောင်းပေးတယ်။ အကုန်လုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်”ဟု ၎င်းက ပြောသည်။
ဇူလိုင်လ ၁ ရက်တွင် ရာဇ၀တ်မှုကို အခြေပြုဖြစ်ပွားခဲ့သည့် သတင်းများပျံ့နှံ့ခဲ့ရာမှ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့ကြား ပဋိပက္ခကြောင့် မန္တလေးမြို့မြို့နယ် ခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ကို ထုတ်ပြန်ထားဆဲဖြစ်သည်။

0 comments:

Post a Comment