Tuesday, July 22, 2014

တရုတ်တွင် မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်မြင့်တက်၊ နောက်ထပ် တိုင်ဖွန်းမုန်တိုင်းတစ်ခု တရုတ်သို့ ဦးတည်


တရုတ်နိုင်ငံတောင်ပိုင်းသို့ ၄၁ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း ရာမဆန် ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၄၆ ဦးအထိ မြင့်တက်လာခဲ့ပြီး အခြား လူ ၂၅ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့ (ဇူလိုင် ၂၂ ရက်) တွင် ပြောကြားသည်။ ထို့အပြင် နောက်ထပ် တိုင်ဖွန်မုန်တိုင်း မတ်မိုမှာလည်း တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း သိရသည်။
22jl11
တိုင်ဖွန်းမုန်တိုင်း ရာမဆန်ကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်တွင် ၁၉ ဦး၊ ယူနန်အနောက်တောင်ပိုင်းတွင် ၁၈ ဦးနှင့် ဂွမ်ဇီတွင် ၉ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်သည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်ရာဒေသမှ ဒေသခံ ၆၂ဝ,ဝဝဝ ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီး ၂၅၂,ဝဝဝ ခန့်မှာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံသို့ ပြီးခဲသည့် သောကြာနေ့တွင် စတင် ဝင်ရောက်တိုက်ခတ်ခဲ့ရာ နေအိမ်အလုံးပေါင်း ၃၇,ဝဝဝ ပျက်စီးခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ရာမဆန် သည် တစ်နာရီလျှင် ၁၂၄ မိုင်အထိ ပြင်းထန်သော လေတိုက်နှုန်းဖြင့် တရုတ်တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းသည် ဖီလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၁၂ဝ ကျော် သေဆုံးခဲ့သည်။
တရုတ်မိုးလေဝသဌာန၏ သတိပေးထုတ်ပြန်ချက်အရ နောက်ထပ် တိုင်ဖွန်းမုန်တိုင်း မတ်မိုသည် နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသသို့ ဗုဒ္ဓဟူးနေ့တွင် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် တိုင်ဖွန်းမုန်တိုင်း မတ်မိုသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁ဝ၇ မိုင်ဖြင့် တိုက်ခတ်နေပြီး တရုတ်သို့ မဝင်ရောက်မီ ထိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။
တရုတ်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃ ရက်) မွန်းလွဲပိုင်းမှ ညနေပိုင်းအချိန်အတွင်း ဝင်ရောက်တိုက်ခတ်ဖွယ်ရှိကြောင်း တရုတ်မိုးလေဝသဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

0 comments:

Post a Comment