Tuesday, July 22, 2014

လူမှုကွန်ရက်တွင်ဖော်ပြသည့် လှုံ့ဆော်မှုများနှင့် အွန်လိုင်းမှုခင်းများကို ဆိုက်ဘာမှုခင်းဥပဒေရေးဆွဲထိန်းချုပ်မည်


မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဖေ့စ်ဘွတ်ခ်သုံးစွဲခြင်းကို ပိတ်သွားရန်မရှိဘဲ ဆိုက်ဘာမှုခင်းဥပဒေရေးဆွဲပြီး ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတာဝန်ရှိသူကပြောသည်။
‘‘ဖေ့စ်ဘွတ်ခ်နဲ့ပေါင်းပြီးပိတ်မယ်ဆိုပြီး အပြင်မှာပြောနေ ကြတာပါ။ တကယ်တမ်းတရားဝင်ပိတ်ဖို့မရှိပါဘူး။ အခုခေါ်တယ်ဆိုတာကလည်း အစိုးရက ပေါင်းပြီးလုပ်ဖို့မဟုတ်ပါဘူး။ဖေ့စ်ဘွတ်ခ်မှာ မလုပ်သင့်တာမလုပ်အောင်လုပ်ခဲ့ရင်လည်း ဘယ်လို လုပ်ကြမလဲဆိုတာဝိုင်းပြီးအဖြေရှာကြတာပါ’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းထွန်းအောင်က ပြောသည်။
ပဋိပက္ခများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများ ပေါ်မှ လှုံ့ဆော်မှုများနှင့်အမုန်းစကား(Hate Speech)များကြောင့် ဟု ယူဆနေခြင်းများကိုထိန်းချုပ်ရန် ဆက်သွယ်ရေးနှင့် ဖေ့စ်ဘွတ်ခ်တို့ပူးပေါင်းပြီး ပိတ်သွားရန်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။
အမုန်းစကား(Hate Speech)များအတွက်သာမက မိမိတို့အသုံးပြုနေသည့် အီးမေးလ်များဖောက်ထွင်းအသုံးပြုခြင်း၊မဖွယ်မရာပုံများနှင့်အခြားသော အွန်လိုင်းပေါ်မှ မှုခင်းများကို ထိန်းချုပ်ပေးနိုင်ရန် ဆိုက်ဘာမှုခင်းဥပဒေကို နိုင်ငံတကာဥပဒေမူများအတိုင်းရေးဆွဲရန်ပြင်ဆင်နေပြီး ဆက်သွယ်ရေးဝန်ကြီးဌာနသာမကနိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းများကလည်း ပူးပေါင်းရေးဆွဲသွားမည်ဟုပြောသည်။
အမုန်းစကားများရေးသားပြီး အသုံးပြုမှုနေမှုများရှိသော်လည်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expreossion)ကိုမထိခိုက်စေအောင်ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်ကုမ္ပဏီကြီးတို့မှစောင့်ကြည့်ရေးအဖွဲ့တို့နှင့် ညှိနှိုင်းနေခြင်းသာဖြစ်သည်။
‘‘ကျွန်မတို့ကတော့ လွတ်လပ်စွာထုတ်ဖော်ပြောကြားတာ ကို ယုံကြည်တယ်။ အားပေးတယ်။ ဒါကို ကန့်သတ်ချုပ်ချယ်လာနိုင်မယ့်အရာအားလုံးကို မကြိုက်ဘူး။ အခုကျွန်မတို့ အဖွဲ့ ပန်းစကား ဆိုပြီး လှုပ်ရှားမှုတွေလုပ်ပြီး အဲဒီလှုပ်ရှားမှုက သူများကိုအမိန့်ပေးတာထက်စာရင် ကိုယ့်ကိုယ်ကိုယ်စောင့်စည်းဖို့ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်နေတယ်။ ဥပဒေအရ ချုပ်ချယ်ကန့်သတ်လာတာတွေကိုတော့ သဘောမကျဘူး’’ဟု မြန်မာအိုင် တီဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ စီ မံကိန်းမန်နေဂျာဒေါ်ထိုက်ထိုက် အောင်ကပြောသည်။
7Day Daily

0 comments:

Post a Comment