Tuesday, July 22, 2014

မုံရွာမြို့ပေါ်တွင် (၂၄)နာရီအတွင်း လူသတ်မှုနှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇူလိုင်
၁၈ ရက်နေ့က (၂၄)နာရီအတွင်း လူသတ်
မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ လူသတ်မှုများသည် ဇူလိုင် ၁၈ ရက်နေမနက် ၇ နာရီအချိန်က မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်နှင့် ကျွဲရဲကွင်းအကြား မြို့ရှောင်လမ်းမိုင်တိုင်အမှတ် ၅/၁ နေရာတွင် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး မှာ ဦးခေါင်းနောက်စေ့ သွေးထွက်ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်မျက်လုံး ညိုမဲဒဏ်ရာများ နှင့် နှာခေါင်း၊ ပါးစပ်များမှသွေးထွက်ကာ သေဆုံးနေခဲ့ခြင်းဖြစ်သည်။
ထိုသို့ သေဆုံးနေသူမှာ မုံရွာမြို့၊ အောင်ချမ်းသာ(ဇီးခြံ)ရပ်ကွက်နေ ကိုသိန်းမင်းထွန်း(ခ) မင်းမင်း(ခ) ဂျိုပဲ့ အသက်(၃၅)နှစ်ဆိုသူဖြစ်ကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးကံလှမှ သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ပြောပြခဲ့ သည်။ ၎င်း၏သား သေဆုံးခဲ့ရခြင်းမှာလည်း ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည့်အတွက် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟုဆိုကာ မြို့မရဲစခန်း၌ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အား မုံရွာမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၄/၂၀၁၄ (ပ) ၂၆၀/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့နောက် ဇူလိုင် ၁၈ ရက်နေ့ည ၉ နာရီခွဲအချိန် တွင် မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာဃလုလင် ပန်းပုလုပ်ငန်းဆိုင်ရှေ့အနီးတွင် လူ သတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သည်။ ၎င်းလူသတ်မှု၌ သေဆုံးခဲ့သူမှာ ကိုစိုးနိုင်ဦး (ခ) အငယ်လေး အသက်(၂၂)နှစ် ဆိုသူဖြစ်သည်။
ထိုသူသေဆုံးခဲ့ရခြင်းမှာ ယာဘက်ရင်အုံနေရာတွင် ချွန်ထက်သည့် အရာ တစ်ခုဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ကို သူရအောင် ဆိုသူမှာလည်း ၀ဲဘက်နံဘေးနေရာနှင့် ၀ဲဘက်တင်ပါးနေရာတို့တွင် ချွန်ထက်သောအရာတစ် ခုဖြင့် ထိုးသွင်းခံရသည့်အတွက် ဒဏ်ရာများရရှိကာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးများကုသခံလျက်ရှိကြောင်း မှုခင်းဆေးစာဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့ကြောင့် သေဆုံးသူ ကိုစိုးနိုင်(ခ)အငယ်လေး၏ မိခင်ဖြစ်သူ ဒေါ်စန်းမှ မုံရွာမြို့မရဲစခန်းသို့သွားရောက်တိုင် တန်းခဲ့သည်။ ယင်း တိုင်တန်းချက်အား မုံရွာမြို့မရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၅/၂၀၁၄ (ပ) ၂၆၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/၃၀၂ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၄ နာရီအတွင်း လူသတ်မှုနှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သော မုံရွာမြို့ကြီးသည် ဧရိယာစတုန်မိုင် ၂၂၆ မိုင် ကျယ်ဝန်းပြီး မြို့ပြလူနေရပ်ကွက်(၂၇) ရပ်ကွက်ရှိသည်။ မြို့နေ လူဦးရေမှာ(၁၆၀၇၀၂)ဦးခန့် မှီတင်းနေ ထိုင်ခဲ့သော်လည်း မုံရွာမြို့မရဲစခန်းနှင့် မုံရွာနယ်မြေရဲစခန်းများတွင် (စံကိုက်) ရဲတပ်ဖွဲ့အင်းအား ပြည့်မီခြင်း မရှိသည့်အတွက် ထိုကဲသို့ လူသတ်မှုများဖြစ်ပွား ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံ မြို့မိ၊မြို့ဖတစ်ဦးမှ လည်းပြောပြသဖြင့် သိရှိရသည်။
ထို့ကြောင့် နောက်နောင်တွင် အလာတူပြစ်မှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိ စေရန် ရဲစခန်းများ၌ ဖွဲ့စည်းပုံ သတ်မှတ်ရဲအင်အားများအတိုင်း သက်ဆိုင်ရာမှ စံကိုက်ရဲအင်အားများ ချထာားပေးစေလိုကြောင်း ဒေသခံ မြို့မိ၊မြို့ဖများမှ လိုလားလျက်ရှိသည်ဟု သိရှိရသည်။

0 comments:

Post a Comment