Monday, July 28, 2014

အလှမယ် ဆု ၅ဆုအတွက် ဆန်ကာတင် ၂၅ယောက်ကို ပရိသတ်ဆီထုတ်ပြ
 
နိုင်ငံတကာအဆင့် အလှမယ် ပြိုင်ပွဲ ၅ခုအတွက် ဆန်ကာတင်ရွေးချယ်ထားတဲ့ အလှမယ် ၂၅ယောက်ကို Miss Golden Land Myanmar က ဇူလိုင် ၂၆ရက်နေ့က သတင်းမီဒီယာတွေနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ သြဂုတ်တစ်လလုံး လှုပ်ရှားမှုတွေများမယ့် အလှမယ်ရွေးပွဲတွေ ပရဟိတ သက်သက်ပဲလား။
အလှမယ် ၅ယောက် ရွေးချယ်မယ့် ပြိုင်ပွဲကြီးကို တစ်လအတွင်း အဆင့်ဆင့် စတင်မှာဖြစ်ပြီး ဇူလိုင် ၂၇ကစလို့ မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်မယ့် ၃ရက်ကြာ ခရီးစဉ်ကို စတင်မှာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် လူမှုအကျိုးပြု ပရဟိတအလုပ်တွေ လုပ်သွားမယ်လို့ ကိုဝေယံအောင်က ဆိုပါတယ်။
အလှမယ် ၂၅ယောက်ကို အနုပညာစွမ်းရည်ဖြစ်တဲ့ Talent Skill ပြိုင်ပွဲ၊ Model Skill ပြိုင်ပွဲနဲ့ နောက်ဆုံး အလှမယ် ရွေးချယ်တဲ့ ပြိုင်ပွဲကြီးကို သြဂုတ် ၂၁ ရက်နေ့မှာ ကျင်းပမယ်လို့ သူကဆိုပါတယ်။ ပြိုင်ပွဲဝင်သူ ၄၂၆ယောက်ထဲက နောက်ဆုံး ဆန်ကာတင် ၂၅ယောက်ကို ဇွန်လထဲက အပြီးသတ်ရွေးချယ်ခဲ့ပြီး ဇူလိုင် ပထမပတ်မှာ စခန်းသွင်းလေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။
ပြိုင်ပွဲဝင်မယ့် အလှမယ် အိန်ဂျယ် လမုန်က ပရဟိတအလုပ်ကို ငယ်ငယ်က တည်းက စိတ်ဝင်စားပြီး ဒီပြိုင်ပွဲမှာ ဆုမရခဲ့ရင်တောင် လူမှုရေးအကျိုးပြု ပရဟိတတွေကို စိတ်ထားကောင်းကောင်းနဲ့ ဦးဆောင်လုပ်ကိုင်သွားမယ်လို့ ပြောပြပါတယ်။ နိုင်ငံရဲ့ပုံရိပ်ကို အကောင်းဆုံးမြှင့်တင်တဲ့လုပ်ငန်းလို့ သူမြင်တဲ့အကြောင်းဆိုပါတယ်။
အကောင်းဆုံး ရလဒ်ကို မျှော်လင့်နေတဲ့ ရွှန်းလဲ့ဝေတစ်ယောက် ဆု ၅ဆုထဲက တစ်ခုကိုသာ ရခဲ့မယ်ဆိုရင် ပရဟိတပဲလုပ်မယ်လို့ ပြောပါတယ်။ အလှမယ် တစ်ယောက်ဟာ နိုင်ငံ့ဂုဏ်ဆောင်ဖြစ်တာကြောင့် စိတ်ဓာတ်အနေအထားနဲ့ အသွားအလာမှာ စံထားရတဲ့သူ ဖြစ်ဖို့လိုပြီး အဓိကက စိတ်ဓာတ်ပါလို့ ဆိုပါတယ်။
သြဂုတ် ၂၁ မှာ အပြီးသတ်ရွေးချယ်မယ့် ဆု ၅ ဆုကတော့ Miss Grand International, Miss Supranational, Miss Earth, Miss Intercontinental နဲ့ Face of Beauty International ဖြစ်ပါတယ်။
Kamayut Media

0 comments:

Post a Comment