Wednesday, July 30, 2014

ခရီးသည်တင် ယာဉ်နှင့် လမ်းဘေး ဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ဆောင်ရွက်မည်


 
ရန်ကုန်မြို့တွင်းရှိ လမ်းမများတွင် စည်းကမ်းမဲ့ ရပ်နားပြီး ခရီးသည် အတင်အချ ပြုလုပ်လျက် ရှိသော ခရီးသည်တင် ယာဉ်များနှင့် ကားလမ်းမများ
ပေါ်၌ ဈေးဗန်းခင်း၍ ရောင်းချနေသည့် လမ်းဘေး ဈေးသည်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို လျော့နည်းစေရန် အတွက် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို)မှ သိရသည်။
ရုံးဆင်း၊ ရုံးတက်ချိန် မဟုတ်ဘဲ ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့သည့်
နေရာများကို လေ့လာကြည့်ပါက သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်သည့် ယာဉ်များနှင့် မှတ်တိုင် မဟုတ်သည့် နေရာများ၌ လမ်းပိတ်ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်သော ခရီးသည်တင် ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို
တွေ့မြင်ရမည် ဖြစ်သည်။
စည်းကမ်းမဲ့ ရပ်နားသည့် ခရီးသည်တင် ယာဉ်များကို မ-ထ-သ(ဗဟို) ယာဉ်အထူးစစ်အဖွဲ့ ၁၆ ဖွဲ့ဖြင့် စစ်ဆေး အရေးယူမှုများကို တိုးမြှင့် လုပ်ဆောင်လျက် ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း လမ်းဘေး ဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု များ လျော့နည်း ပပျောက်စေရန် လမ်းဘေး ဈေးသည်များကို အရေးယူမှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။
ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ က-ည-န၊ မ-ထ-သ(ဗဟို)နှင့် စည်ပင်တို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင်းရှိ ယာဉ်မရပ်နားရသည့် နေရာများ၌ ရပ်နားသည့် ယာဉ်များ၊ စည်းကမ်းမဲ့ ခရီးသည်တင် ယာဉ်များနှင့် လမ်းဘေး ဈေးသည်များကိုလည်း အရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

0 comments:

Post a Comment