Tuesday, July 22, 2014

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နေ


ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အတွက် နယ်အုပ်ချုပ်ရေးမှူးများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
မုန်တိုင်းအခြေအနေ ကိုလည်း စောင့်ကြည့်နေတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ချက်ချင်းလုပ်နိုင်ဖို့ ၀န်ထမ်းအင်အား အပါအ၀င်၊ အထောက်အပံ့ပေးမယ့် ပစ္စည်းတွေကိုလည်း အဆင့်သင့် စီစဉ်ထားပါတယ် ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲမှုဌာနမှ ဒါရိုက်တာ ဦးမောင်မောင်ခင်က ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အဆိုပါ မုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်း မရှိဘဲ မြန်မာနိုင်ငံ ဂွမြို့၏ အနောက် တောင်ဘက် မိုင်(၁၅၀)ခန့်၊ စစ်တွေမြို့၏ အနောက် တောင်ဘက် (၁၆၅) မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ စစ်တကောင်းမြို့၏ တောင်ဘက် မိုင်(၂၉၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ မုန်တိုင်း ငယ်သည် မြောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရ သော်လည်း ရခိုင်ကမ်းရိုးတမ်းနှင့် အလွန်နီး ကပ်နေသဖြင့် အဆိုပါ မုန်တိုင်းအား လိမ္မော်ရောင် အဆင့် သတ်မှတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က သတိပေးချက် ထုတ်ပြန်ထားသည်။
မြို့နယ် အဆင့်တွေမှာ ကြက်ခြေနီ ၀န်ထမ်း တွေကို အဆင်သင့်ဖြစ်အောင် လုပ်ထားပါတယ်။ ရန်ကုန်မှာ ဆိုရင်လည်း အင်အားနှစ်ရာ လောက် ချက်ချင်းစုလို့ရအောင် စီစဉ်ထားပါတယ် ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အောင်ကျော်ထွဋ် က ပြောသည်။ အကယ်၍ မုန်တိုင်း တိုက်ခတ်လာပါက အကူအညီပေးနိုင်ရန် အတွက် အစားအသောက် မဟုတ်သော အထောက်အပံ့ ပစ္စည်းများကို အိမ်ထောင်စုပေါင်း (၄၀၀၀) ကျော် အတွက် စစ်တွေမြို့တွင် အဆင်သင့်ပြင်ဆင်ထားကြောင်း သိရသည်။

0 comments:

Post a Comment