Wednesday, April 3, 2013

မြန်မာပြည်ကရေးတဲ့စာ ( အောင်ဆန်းစုကြည် )

Bagan Hotel ( River View ) ပုဂံဟိုတယ်..( မြစ်ရှုခင်းသာ ) ဆိုတဲ့အတိုင်း သစ်ပင်ပန်းပင်တွေနဲ့ စိမ်း လန်းစိုပြေနေတဲ့ ဟိုတယ်ဝင်းရဲ့  အနောက်ဘက် အနား စွန်းတစ်လျှောက် စီးဆင်းနေတဲ့ ဧရာဝတီရဲ့  ခမ်းနားလှတဲ့ ရှုမြင်ကွင်းကို မြင်ရ ပါတယ်။ မုတ်သုံရာသီထဲ ထဲထဲဝင်ဝင်ရောက်နေပေမယ့် ကျွန်မတို့ ပုဂံမှာ နေခဲ့တဲ့ လေးရက်အတွင်း မိုးလေးတစ်ပြိုက် ရွာတာသာရှိလို့ ညနေတိုင်းမှာ ဒီရှေးမြို့ တော် ဟောင်းရဲ့  ကျော်ကြားလှတဲ့ နေ၀င်ချိန်ရှုခင်းတွေနဲ့ ကြည်နူးခဲ့ရပါတယ်။ ကျွန်မတို့နေတဲ့ ဘန်ဂလိုလေးရဲ့ ဝရန်တာကနေပြီး အနီရောင်စက်ဝိုင်းကြီး တရွေ့ ရွေ့ နဲ့ နိမ့်ဆင်းလာတာ၊ သူ့ရဲ့ အလင်းနဲ့ မဖြစ်နိုင်လွန်းတဲ့ ဟင်္သာပြဒါးတွေ၊ လိမ္မော်တွေ၊ အ၀ါတွေနဲ့ ကောင်းကင်တစ်ခုလုံးကို လိမ်းကျံထားလိုက်ပြီး ဆန်းပြားလှတဲ့ တိမ်စိုင်ပုံရိပ်တွေ ကို အလင်းပေးတာတွေဟာ မြစ်တစ်ဖက်ကမ်းက မရန်းစေ့ရောင်နဲ့ မဲနယ်ပြာရောင်စွန်းနေတဲ့ တောင်တန်းနောက်ကို ပုန်းလျှိုးမသွားမချင်း တွေ့နေရပါတယ် ခရီးသွားလမ်းညွှန် လက်ကမ်းကြော်ငြာထဲက ဓာတ်ပုံတစ်ပုံ အသက်ဝင် လာသလို ပါပဲ။

ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ အလည်ရောက်လာကြသူတွေက ပုဂံရဲ့  ဆွတ်ပျံ့ ဖွယ်၊ အံ့မူးဖွယ်တွေကို အများကြီး ရေးခဲ့ကြပြီးပါပြီ။ ဒီမိုးခေါင်ရေရှား လွင်ပြင်မှာ ဘာသာရေးအဆောက်အအုံတွေ အရွယ်မျိုးစုံ ထောင်နဲ့ချီပြီး ရှိပါတယ်။ ( ရှေးဟောင်းသုတေသန ဌာနရဲ့  စာရင်းအရ သေးငယ်တဲ့ အုတ်ပုံအပါအ၀င် စုစုပေါင်း ၃၀၀၀ ကျော် ) ။ သေးသေးကြီးကြီး တစ်ခုချင်းစီဟာ ထိပ်မှာ အဖျားချွန် သဏ္ဌာန်နဲ့ မိုးကောင်းကင်အမြင့်ဆီ ဦးတည်နေတာချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့ မြင့်မြတ်တာ တစ်ခုခုကို မျှော်မှန်းနေကြတဲ့ သဘောကို ဗိသုကာအမြင်အရ ဖော်ပြနေပါတယ်။ အကြိမ်ပေါင်းများစွာ ရေးဆွဲထားကြပြီးဖြစ်တဲ့ ပုံကို တစ်ထပ်တည်း တူအောင် ဆွဲဖို့မလိုတော့တာကြောင့် ကျွန်မအပေါ် စွဲထင်မှုလေးတွေနဲ့ပဲ ခြယ်သလိုက်ပါရစေ။

မှောင်ရိပ်ပျိုးလာတော့ ဘာသာရေးနဲ့ထုံမွှန်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်း မဟုတ်၊ ပစ္စပ္ပန်ထဲမှာလည်း မရှိတဲ့၊ အချိန်ကာလတွေက ကင်းလွတ်နေတဲ့ လောကတစ်ခုကို ရောက်သွားပါတော့တယ်။ ပုထိုးစေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုးစုံနဲ့ ယိုယွင်းတဲ့သဘော၊ အနိစ္စသဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲ ကျေပျက်ရတဲ့ သဘော တို့ကို လှစ်ပြနေပါတယ်။ ဒါဟာ ဗုဒ္ဓသာသနာ ထွန်းကားရာ မြေမှာသာမက တန်ခိုးအာဏာရှင်တွေက သူတို့သြဇာအရှိန်အ၀ါ တွေကို ထာဝရမှတ်ကျောက်တင်ဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲမဆို သင့်တော်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာ ကွယ်ပျောက်သွားပြီဖြစ်တဲ့ ခမ်းနားကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီဖြစ်တဲ့ ယဉ်ကျေးမှုခေတ်ကြီးတွေကို သတိရဆင်ခြင် စေပါတယ်။

ရှယ်လီရဲ့  ကဗျာက သရုပ်ဖော်သလို အဆုံးမရှိတဲ့ သဲကန္တာရထဲမှာ အပိုင်းအစတုံးကြီးတွေ အဖြစ်သာ ကျန်နေ တော့ တဲ့ ကျောက်သားမဲ့ ပြုံးပိုင်ရှင် အိုဇီမန်ဒီယပ်ရဲ့  သနားစရာ မာနမာန်ကို အမှတ်ရစေပါတယ်။

“အသင်အင်အားကြီးမားသူများ၊ ငါ့လုပ်ဆောင်ချက်တွေကြည့်ပြီး စိတ်ပျက်၊ စိတ်လျှော့ကြလော့..” ။

မိမိရဲ့  ဘာသာရေးကိုင်းရှိုင်းမှုကို ဒီလို အုတ်တွေ၊ သရွတ်တွေနဲ့ သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင်တွေ၊ မိဖုရားတွေ၊ မင်းညီမင်းသား မှူးကြီးမတ်ရာတွေတွေထဲက ဘယ်နှယောက်က တကယ့်သံသရာက လွတ်မြောက်ချင်ခဲ့ကြသလဲ။ ဘယ်နှယောက်က မိမိတို့ရဲ့  လောကီတန်ဖိုးကို အဖိုးကြီး အဆောက်အအုံတွေ ထူခြင်းနဲ့ သက်သေပြုဖို့ ကြိုးစားခဲ့ကြသလဲ။ ဘယ်နှယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို မခြုံငုံနိုင်တာကြောင့် သံသရာမှာလည်နေသ၍ လောကီစည်းစိမ်းရရှိဖို့ အာမခံ အနေနဲ့ ဒီဆောက်လုပ်မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။

ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတယ် ဆိုပေမယ့် ကျွန်မစိတ်ကူးစိတ်သန်းကို ဖမ်းစားနိုင်တာ တစ်ဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်းပါပဲ။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ သမိုင်း စာအုပ်တွေအရ သူဟာ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာဘုရင်ရဲ့ သားပါပဲ။ ဒါပေမယ့် သမိုင်းပညာရှင်တွေရဲ့ တွေ့ ရှိချက်တွေအရတော့ သူတို့နှစ်ယောက်ဟာ သွေးမတော်စပ်ကြပါဘူး။ ကျန်စစ်သားက သာမန်မျိုးရိုးထဲကပဲ ဖြစ်နိုင်ပေမယ့် သူဟာ သာမန်မဟုတ်တဲ့အရည်အချင်းတွေ ပိုင်ပါတယ်။ သူရသတ္တိနဲ့ပြည့်စုံပြီး ရဲရင့်တယ်။. ဘုရင့်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး ကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာတယ်။ အနော်ရထာလွန်တော့ ပျော့ညံ့ပြီး အရည်အချင်းနည်းတဲ့ သားတစ်ဦး နန်းတက်ခဲ့ပေမယ့် ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ နန်းတက်နိုင် ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အနော်ရထာရဲ့  အဆက်အနွယ်ထဲက ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးလို့ပဲ ယူဆရပါတယ်။

ကျန်စစ်သားဟာ အမြော်အမြင်၊ စွမ်းရည်သတ္တိနဲ့ နှလုံးရည်ပြည့်ဝတယ်ဆိုတာ ပြနိုင်ခဲ့ပြီး သူဆောက်လှူခဲ့တဲ့ အာနန္ဒာ ဘုရားဟာ သူရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေပါတယ်။ ပြေပြစ်တင့်တယ်တဲ့ အချိုးအစားရှိပြီး အလင်းနဲ့ အရိပ်ကို လိုသလိုရအောင် ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော၊ တည်ဆောက်ပုံရောက အင်မတန်လှပပါတယ်။ အာနန္ဒာကို ဖူးတယ်ဆိုတာ ဂူကျောင်းထဲက ထူးခြားလှတဲ့ ရုပ်ပွားတော်ကြီးတွေထံ စိတ်ဝိဥာဉ် ခိုလှုံရာ အနေနဲ့ ဦးခိုက်ရသလို၊ ရှားပါးလှ တဲ့ အုပ်စိုးသူမင်းတစ်ပါးကို လေးစားသမှု ပြုရသလိုလည်း ဖြစ်ပါတယ်။

ဟိုတယ်ဝင်းထဲမှာ ကျွန်မတို့အတွက် တကယ့်ကို အံ့အားသင့်ရ စေတာက ဂူစေတီလေး နှစ်ဆူပါပဲ။ ဘွဲ့အမည် မရှိပေမယ့် နှစ်ဆူစလုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရပါတယ်။ တစ်ဆူက သူ့နန်းသက် အစောပိုင်းမှာ ရန်သူ တွေကို အောင်နိုင်ခဲ့ခြင်းအတွက် ကျေးဇူး အောက်မေ့ တဲ့ အနေ နဲ့ တည်ထားတာဖြစ်ပြီး နောက်တစ်ဆူကတော့ သူ့ဘ၀ နောက်ဆုံးပိုင်းအရောက် ဘ၀တစ်လျှောက်လုံး စစ်သူရဲ ကောင်း ဘ၀နဲ့ သူပြုမူခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှု တွေ အတွက် သံဝေဂ ရပြီး ပြေရာပြေကြောင်း ရည်စူးတည်ခဲ့တာ လို့ ပြောပြကြပါတယ်။ အရွယ်အစား သင့်ယုံ ဒီဂူကျောင်း နှစ်ဆူ ဟာ ညနေတိုင်း စောင်းတီးခတ် ဖျော်ဖြေတတ်တဲ့ ညစာခန်းမ ကပြင်ကနားက ပန်းခြံထောင့် တစ်နေရာမှာ ရှိနေတယ်။ သီးသန့် ဘုရားကျောင်းလေးလိုဖြစ်နေတဲ့ နေရာ မှာ ဖယောင်းတိုင်မီး ပူဇော်ရတာဟာ ခမ်းနားကျော်ကြား လှ တဲ့ ဘုရားတွေကို ဖူးရတာနဲ့မတူတဲ့ အတွေ့အကြုံခံစားမှုပါပဲ။

ကျွန်မသားနဲ့ ကျွန်မက ပုဂံအနှံ့အပြားမှာရှိနေတဲ့ ဘုရားစေတီအားလုံးကို ဖူးမနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့  ကောင်းမှုစေတီလေးတွေကလွဲရင်တော့ သဗ္ဗညုနဲ့မနူဟာစေတီတို့ကိုပဲ သွားဖူး ခဲ့ပါတယ်။ မနူဟာစေတီကို အဖမ်းဆီးခံမွန်ဘုရင် မနူဟာ တည်ခဲ့တယ်လို့ ယူဆခဲ့ကြတာကြောင့် ထူးခြားတဲ့ အဓိပ္ပါယ် ဆောင် ပါတယ်။ ကာလကြာရှည်လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်ကို ပညာရှင်တွေကြား ခုနောက်ပိုင်းမေးခွန်းထုတ်လာကြပေမယ့် ဒီဂူဘုရား ဟာ လွတ်လပ်မှုကို မွတ်သိပ်တဲ့၊ ထိုင်းမှိုင်းလေးလံတဲ့ အာဝါသအဖြစ် ပေါ်လွင်အောင် တမင် ဒီဇိုင်းထုတ်ထား တယ် ဆိုရင် ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အထဲက ဗုဒ္ဓရုပ်ပွာတော်ကြီးတွေဟာ ရှိနေတဲ့နေရာအကျယ်အ၀န်းနဲ့ မကိုက် လောက် အောင် ကြီးမားနေပြီး ဖူးမြော်သူကို ပိတ်လှောင်မွန်းကြပ်ခြင်းနဲ့လွတ်မြောက် လိုမှု ပြင်းပြနေတဲ့ ၀ိဥာဉ်ရဲ့ ရုန်းကန် အသက်ရှူနေခြင်း တို့နဲ့ ထိတွေ့ ခံစားရစေပါတယ်။

အဲဒီဘုရားတွေ သွားဖူးတာ ကျွန်မတို့နိုင်ငံမှာ သိပ်ကိုလိုအပ်နေတဲ့ အရာနှစ်ခုကို သတိပြုစေပါတယ်။ လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွတ်မျှတမှု ရက်ယှက်ဖို့နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတိုင်း လွတ်မြောက်ဖို့တို့ ဖြစ်ပါတယ်။ ဒီအသိတွေကနေတော့ အပန်းဖြေအနားယူနိုင်တယ်ရယ်လို့ မဖြစ်နိုင်ပါဘူး..။
 
Photo: မြန်မာပြည်ကရေးတဲ့စာ ( အောင်ဆန်းစုကြည် )

0 comments:

Post a Comment