ရန်ကုန်၊ ဇူလိုင် ၎
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် စမ်းရွာကျေးရွာတွင် ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နေအိမ်တွင် TV ကြည့်နေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး အင်တာနာတိုင် ဆင်းလှည့်ရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း တွံတေးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျေးရွာတွင် နေထိုင်သူ ကိုထွန်းအောင် (ခ) ဖိုးထွားမှာ ဆိုက္ကားနင်းရာမှ နေအိမ်သို့ ထမင်းစား ပြန်လာစဉ် ဇနီးဖြစ်သူနှင့်အတူ TV ကြည့်နေရာမှ ရုပ်သံ မကြည်လင်သောကြောင့် နေအိမ်ခေါင်းရင်းရှိ အင်တာနာတိုင်ကို ဆင်းလှည့်စဉ် ဓာတ်လိုက်ကာ သတိလစ် လဲကျခဲ့သောကြောင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အင်တာနာတိုင် ဆင်းလှည့်ချိန် မိုးတွေက ရွာနေတာ။ ရေစိုနေတဲ့လက်နဲ့ အင်တာနာကြိုး အပေါက်ကို လက်နဲ့ ထိမိပြီး ဓာတ်လိုက် သေဆုံးခဲ့တာ” ဟု စမ်းရွာကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်အထိ ဓာတ်လိုက်မှုကြောင့် ခြောက်ဦး သေဆုံးခဲ့ပြီး ဇွန်လအတွင်းက နှစ်ဆယ်ကျော် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှုခင်းမှတ်တမ်းများအရ သိရှိရသည်။
The Voice Weekly

0 comments:
Post a Comment