Monday, July 14, 2014

iOS 7 operating system က တည်နေရာကို ခြေရာခံနိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ ပြောကြားချက်ကို Apple ငြင်းဆို

iPhone သည် သုံးစွဲသူ၏ တည်နေရာကို ခြေရာခံနိုင်သောကြောင့် နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟူသော တရုတ်နိုင်ငံ၏ ပြောကြားချက်ကို အမေရိကန် နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Apple က ငြင်းဆိုလိုက်သည်။
သုံးစွဲသူက အဖွင့်၊ အပိတ်ပြုလုပ်နိုင်သည့် တည်နေရာ function သည် သုံးစွဲသူများ မကြာခဏ ရောက်ရှိလေ့ရှိသည့် နေရာများနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်း ဖော်ပြပေးသည်။
၎င်း tool သည် iOS 7 operating system တွင် ပါဝင်ပြီး အဆိုပါ မိုဘိုင်း OS ကို လက်ရှိ iPhone များတွင် အသုံးပြုလျက်ရှိသည်။
“ဒီအကြောင်းအရာနဲ့ စပ်လျဉ်းပြီး CCTV ရုပ်သံဌာနရဲ့ သုံးစွဲသူများထံ အချက်အလက်ပေးဝေပြီး ပံ့ပိုးကူညီမှုအပေါ် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ အလွန် အရေးကြီးတဲ့ ကိစ္စလို့ ကျွန်တော်တို့ ထင်မြင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ iPhone သုံးစွဲသူ အားလုံးအတွက် မူပိုင်ခွင့်ထိပါးမှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတယ်၊ ဘာတွေ မလုပ်ဘူးဆိုတာကို ရှင်းရှင်းသိအောင် ပြုလုပ်ဖို့ ဆန္ဒရှိပါတယ်” ဟု Apple က ၎င်း၏ တရုတ်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ဘေကျင်းမြို့ရှိ အများပြည်သူလုံခြုံရေး တက္ကသိုလ်ရှိ အင်တာနက်လုံခြုံရေးသိပ္ပံမှ ဒါရိုက်တာဖြစ်သာ မာဒင်းက iOS 7 တွင်ပါဝင်သည့် frequent locations function သည် အလွန်အရေးကြီးသည့် အချက်အလက်များအပြင် နိုင်ငံ၏ လျှို့ဝှက်ချက်များကိုပါ စုဆောင်းနိုင်ကြောင်း CCTV ထံ ပြောကြားခဲ့သည်။
သို့ရာတွင် အဆိုပါ ပြောကြားချက်ကို Apple က အခိုင်အမာ ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့ အရင်က ဖော်ပြခဲ့ဖူးသလိုပဲ Apple အနေနဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေမှာ backdoor တစ်ခု ထည့်သွင်းပြီး ဘယ်နိုင်ငံ ဘယ်အစိုးရအေဂျင်စီတွေနဲ့မှ လက်တွဲဆောင်ရွက်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဆာဗာတွေကိုလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ သုံးစွဲခွင့် မပြုထားပါဘူး။ နောက်ပိုင်းမှာလည်း သုံးစွဲခွင့်ပေးဖို့ အစီအစဉ်မရှိပါဘူး” ဟု Apple က ပြောကြားခဲ့သည်။
Apple သည် သုံးစွဲသူက အနီးစပ်ဆုံး စားသောက်ဆိုင်တစ်ခု ရှာဖွေခြင်း၊ ရာသီဥတု အခြေအနေ စစ်ဆေးခြင်း၊ အလုပ်သို့သွားရမည့် အချိန် တွက်ချက်ခြင်း စသည့် လုပ်ဆောင်ချက်များအတွက် GPS geolocation ဝန်ဆောင်မှုများကိုသာ အသုံးပြုကြောင်း သိရသည်။
Ref: ABC

Photo: iOS 7 operating system က တည်နေရာကို ခြေရာခံနိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ ပြောကြားချက်ကို Apple ငြင်းဆို

0 comments:

Post a Comment