Monday, July 21, 2014

ထိုင်းရောက် မြန်မာလုပ်သားများကို အာဏာပိုင်များက အနိုင်ကျင့် ငွေညစ်မှုများပြုလုပ်ပါက ထိုင်းတပ်မတော်သို့ တိုက်ရိုက် တိုင်ကြားနိုင်ဟုဆို


ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများကို ထိုင်းရဲများက အနိုင်ကျင့်ငွေညစ်မှုများ ယခင်ကလိုပြုလုပ်လာပါက ထိုင်းတပ်မတော် သို့ တိုက်ရိုက်တိုင်ကြား နိုင်ရန် ခွင့်ပြုထားကြောင်းထိုင်းနိုင်ငံ အခြေဆိုက် မြန်မာရွှေ့ပြောင်းအလုပ် သမားအခွင့် အရေးကွန်ရက်မှဥက္ကဋ္ဌ ဦးအောင်ကျော် က The Messenger Media သို့ ပြောသည်။
ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ အပြင် အခြားနိုင်ငံသားများကို ထိုင်းရဲများက အထောက်ထားရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကြောင်းအမျိုးမျိုးပြ၍ အနိုင်ကျင့် ငွေ ညစ် မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုအခါ ထိုင်းနိုင်ငံတွင် တပ်မတော် က အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါကိစ္စများကို ပြင်းပြင်းထန်ထန် အရေးယူမှုများပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆက်လက်ဖြစ်ပွားလာပါက ထိုင်းတပ်မတော် သို့ တိုက်ရိုက်တိုင်ကြားကြရန်နှင့် ပြစ်မှုထင်ရှားပါက ရာထူးမှ ထုတ်ပယ်သည့် အဆင့်ထိ အရေးယူသွားမည်ဟု ထိုင်းတပ်မတော်က နိုးဆော်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။
ထိုင်းတပ်မတော်ကလည်း ဒီလို ကိစ္စတွေကို စိစစ်ပြီး အရေးယူမှုတွေ လုပ်နေတယ်။ နောက်တစ်ဖက် ကလည်း ဒီလိုကိစ္စတွေ ထပ် ပေါ်လာ ရင်သူတို့ ကို တိုက်ရိုက်တိုင်ကြားကြဖို့ ပြောလာတဲ့အတွက် အခုဆိုရင် မရှိသလောက် နည်းပါးသွားပါပြီ ဟု ၎င်းက ပြောသည်။ ထိုင်းတပ်မတော်က ယင်း ကဲ့သို့ ကြေညာခြင်း မပြုမီက ထိုင်းရောက် မြန်မာလုပ်သားများနှင့် အခြားနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းရဲများ၏ မတရားငွေကြေး တောင်းခံမှု များ၊ လိုအပ်သည့် ငွေကြေးမပေးနိုင်ပါက ကိုယ်ထိ လက်ရောက် စော်ကားမှုများနှင့် အဆိုးဆုံးမှာ ရဲစခန်းတွင် အချုပ်ချ၍ ညှင်းပန်း နှိပ်စက်မှု များကိုပါ ကြုံတွေ့ခဲ့ကြရကြောင်း ထိုင်းရောက် မြန်မာလုပ်သား အချို့ထံမှ သိရသည်။
ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆိုရင် အထောက်ထားပြ တာတောင် အတုကိုင်တယ် ဆိုပြီ ပိုက်ဆံတောင်းတယ်။ မပေးရင် ထောင်ထဲ ပို့မယ်ဆိုလို ကျွန်တော်မှာပါတဲ့ ပိုက်ဆံနဲ့ သူ့မှာပါတဲ့ပိုက်ဆံပေးပြီး မနည် တောင်းပန်ခဲ့ရတယ်။ ဒါတောင် ပါးနှစ်ချက်လောက် အရိုက်ခံရသေးတယ် ဟု ထိုင်းနိုင်ငံ မဟာချိုင် အရပ်ရှိ ညဈေးတွင် အလုပ်လုပ်ကိုင်နေသော ဦးကိုကိုအောင်က ပြောသည်။ ထိုစဉ်က ၎င်းတို့ သူငယ်ချင်းနှစ်ဦးတွင် ပါသည့် ဘတ်ငွေ (၅၀၀၀) ခန့် ပေးခဲ့ရကြောင်း ဆက်လက်ပြောသည်။
အဆိုပါ ထိုင်းရဲများနှင့် ထိုင်းနိုင်ငံသား လူငယ်အချို့တို့၏ အုပ်စုဖွဲ့ အနိုင်ကျင့်မှုများမှ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရန် အတွက် မြန်မာအစိုးရက မကြာခဏ တောင်းဆို တိုက်တွန်းမှုများပြု လုပ်ခဲ့သောလည်း ထိုစဉ်က ထိုင်းအစိုးရက မျက်ကွယ်ပြုထားသကဲ့သို့ဖြစ်ခဲ့ရာမှ ယခုထိုင်း တပ်မတော်က တာဝန်ယူပြီးမှသာ ယင်းကဲ့သို့  ထိထိရောက်ရောက် ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူတစ်ဦး ဖြည့်စွက်ပြောကြားသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ အများဆုံး လုပ်ကိုင်နေကြသည့် ရွှေ့ ပြောင်းလုပ်သားများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံသားတို့ဖြစ်ပြီး မြန်မာနိုင်ငံသားမှာ သုံးသန်းကျော် ထိရှိနေကြောင်း အလုပ်သမားဝန်ကြီး ဌာန၏ စာရင်းများအရသိရသည်။

0 comments:

Post a Comment