Wednesday, July 9, 2014

ကုလသမဂ္ဂဝန်ထမ်းများ အချင်းချင်း လိင်တူလက်ထပ်ကြခြင်းကို ခွင့်ပြုကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကိုယ်တိုင်က ကြေညာလိုက်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခင်က ကုလသမဂ္ဂဝန်ထမ်းများ လိင်တူလက်ထပ်လိုလျှင် လိင်တူချင်း လက်ထပ်ခွင့်ပြုသော နိုင်ငံများမှလာသည့် ဝန်ထမ်းများကိုသာ ခွင့်ပြုသော်လည်း ယခုအခါ မည်သည့်လူမျိုးဝန်ထမ်း ဖြစ်ပါစေ လက်ခံမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရအရာရှိ ဖာဟန်ဟက်က ပြောကြားခဲ့သည်။
“ကုလဝန်ထမ်း ခပ်များများက လိုလားနေတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု မစ္စတာဖာဟန်ဟက်က ပြောကြားခဲ့သည်။

မူဝါဒအသစ်သည် ဇွန်လ ၂၆ ရက်နေ့ ကတည်းက အသက်ဝင်ခဲ့ပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်းလုံးတွင် အလုပ်လုပ်နေသည့် ကုလသမဂ္ဂဝန်ထမ်း စုစုပေါင်း ၄၃,၀၀၀ တို့အတွက် အကျုံးဝင်သော ဖြေလျှော့မှုတစ်ခု ဖြစ်သည်။
သို့သော် ကလေးများအတွက် အလုပ်လုပ်နေသော Unicef နှင့် ယဉ်ကျေးမှု အဖွဲ့အစည်း Unesco တို့ အတွက်တော့ ယင်းမူဝါဒကို အသုံးပြု၍ မရသေးကြောင်း ပြောရေးဆိုခွင့်ရ အရာရှိက ဆိုသည်။

ကမ္ဘာပေါ်တွင် လိင်တူချင်းလက်ထပ်မှုကို တရားဝင် အသိအမှတ်ပြုသော နိုင်ငံပေါင်း ၁၈ နိုင်ငံရှိပြီး အမေရိကန် ပြည်ထောင်စုနှင့် မက္ကဆီကိုရှိ အချို့ပြည်နယ် များတွင်လည်း တရားဝင် ပြုလုပ်နိုင်သည်။ သို့သော် ယင်းကိစ္စကို လက်မခံနိုင်သော နိုင်ငံပေါင်းများစွာ ရှိနေသေးသည်။
အပြင်းထန်ဆုံးမှာ ယူဂန္ဓာနိုင်ငံ ဖြစ်ပြီး မိန်းမလျာများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ အကျဉ်းချနိုင်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်သည်။
ကနေဒါ၊ ဘရာဇီးလ်၊ တောင်အာဖရိက၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံကြီးများတွင် တရားဝင် လက်ထပ်ထိမ်းမြားခွင့် ရရှိထားပြီး အာရှတိုက်တွင်မူ မည်သည့်နိုင်ငံကမှ ယင်းအခွင့်အရေး မရထားပေ။
ယင်းသို့ ကုလသမဂ္ဂက ဝန်ထမ်းများ လိင်တူချစ်ခင်မိပါက လက်ထပ်ခွင့်ပြုရန် လိုလားသည့် ဝန်ထမ်းများက အချိန်ကြာမြင့်စွာ တောင်းဆိုခဲ့ပြီး ဖြစ်သည်။

Credit; The Voice Weekly

Photo: ကုလသမဂ္ဂဝန်ထမ်းချင်း လိင်တူလက်ထပ်ခွင့်ပြုကြောင်း ကြေညာ

The Voice Weekly

0 comments:

Post a Comment