Tuesday, July 8, 2014

မက်ဆီထံ ဘောလုံးမရောက်အောင် အဓိက ကြိုးစားရမည်ဟု နယ်သာလန် ခံစစ်မှူး မာတင်စ်အင်ဒီဝန်ခံ

အာဂျင်တီးနားနှင့် ကစားမည့် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် လီယွန်နယ် မက်ဆီကို အဓိက ထိန်းချုပ်ရမည်ဟု နယ်သာလန် ခံစစ်မှူး ဘရူနို မာတင်စ်အင်ဒီက ဝန်ခံ ပြောကြားခဲ့သည်။
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြ ကစားလာနိုင်ခဲ့သလို အာဂျင်တီးနားအသင်း အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်နိုင်ရန်လည်း အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။
ဖိုင်ယန်နော့ဒ် အသင်း၏ ခံစစ်မှူး မာတင်စ်အင်ဒီက Ballon d’Or (ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု) လေးကြိမ်ရဖူးသည့် မက်ဆီသည် နယ်သာလန် ခံစစ်ကြောင်းအတွက် ပစ်မှတ်အဖြစ် စူးစိုက်ရမည့် ပြိုင်ဘက်အဖြစ် ဝန်ခံခဲ့သည်။
“အာဂျင်တီးနားက သိပ်ကောင်းတဲ့ အသင်းပါ။ ဒါပေမဲ့ ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံက သူတို့ဘက်ကို ဂိုးသွင်းဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော် အဲဒီပွဲကို သေချာ ကြည့်ဖြစ်ခဲ့ပါတယ်။ အသင်းတိုင်းမှာ အားသာချက်ရော၊ အားနည်းချက်ပါ ရှိတတ်ကြတာပဲ။ ကျွန်တော်တို့ အဓိက လုပ်ရမှာက မက်ဆီ ဘောလုံးမရအောင် ပိတ်ဆို့ထားဖို့ပဲ”ဟု မာတင်စ်အင်ဒီက ဆိုသည်။
၎င်းက နယ်သာလန်သည် ပြိုင်ပွဲအစပိုင်းကထက် ခံစစ်ကစားပုံ တိုးတက်လာသည်ဟု ခံစားမိကြောင်းလည်း ဆိုသည်။ “ခံစစ်မှာ ကျွန်တော်တို့ ရွေ့လျား နေရာယူပုံတွေကို ကြည့်ရင် သိသာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပုံမှန်ကစားနေကျထက် ပိုပြီး တာဝန်ယူရတာတွေ ရှိလာတယ်။ ကမ္ဘာ့ဖလားမှာ ဝင်ကစားရင်း ကျွန်တော့်အတွက် တိုးတက်မှုတွေလည်း ဖြစ်ထွန်းလာပါသေးတယ်။ ခုဆိုရင် ပွဲကို ခြုံငုံဖတ်ရှုတတ်အောင် ကျွန်တော် ကြိုးစားနေရပြီ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင် ကစားရရင်တော့ ကိုယ်တိုင်လည်း တိုးတက်မှုတွေ ရှိလာမှာပဲလေ”ဟု မာတင်စ်အင်ဒီက ပြောကြားသွားသည်။
7 Day Daily

0 comments:

Post a Comment