Monday, July 14, 2014

စာနယ်ဇင်းသမားတွေ သမ္မတကို ဘာကြောင့် ဆန္ဒပြသလဲ

ဇူလိုင် ၁၂ ရက်က သမ္မတဦးသိန်းစိန်ဟာ ရန်ကုန် ကမာရွတ်မြို့နယ် ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေးစင်တာကို လာပြီး ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာသည်တွေနဲ့ လာရောက် တွေ့ဆုံပါတယ်။ သမ္မတအနေနဲ့ ဒီလိုလာရောက်မယ်ဆိုတာကို ကြိုသိထားကြတဲ့ စာနယ်ဇင်းမီဒီယာသမားတွေဟာ ငြိမ်းချမ်းရေးစင်တာ အပြင်ဘက် ရွှေလီလမ်းပေါ်နဲ့ ဦးဝိစာရလမ်းပေါ်မှာ သမ္မတဦးသိန်းစိန်ကို ဆန္ဒပြကြပါတယ်။ အကြောင်းကတော့ ယူနတီဂျာနယ်က စီအီးအိုနဲ့ သတင်းထောက် လေးယောက်ကို ၁၉၂၃ ခုနှစ် မြန်မာ နိုင်ငံလျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်လို့ပါ။ ဒါကို အားလုံးက တရားမျှတမှုမရှိတဲ့ စီရင်ချက်အဖြစ်ခံယူပြီး ဆန္ဒထုတ်ဖော်ကြတာပါ။ စာနယ်ဇင်းသမားတွေ ဆန္ဒပြတာ မှန်ရဲ့လားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
မြန်မာငြိမ်းချမ်းရေးစင်တာ အပြင်ဘက် ရွှေလီလမ်းပေါ်မှာ စာနယ်ဇင်းသမားတွေ ဆန္ဒပြနေတယ်ဆိုပေမယ့် သမ္မတကတော့ ဒီအခြေအနေကို တွေ့မြင်သွားခြင်း မရှိပါဘူး။ လုံခြုံရေးတွေက လိမ္မာပါးနပ်စွာ ခေါ်ဆောင်သွားနိုင်တဲ့အတွက် ဦးသိန်းစိန် ငြိမ်းချမ်းရေး စင်တာထဲကို ရောက်၊ တွေ့ဆုံမှုကို လုပ်ပြီး ဘယ်သူမှ မသိနိုင်တဲ့ လမ်းကနေ ပြန်ထွက်ခွာသွားနိုင်ခဲ့တာပါ။ သမ္မတ ဦးသိန်းစိန် အနောက်နိုင်ငံဘက် ခရီးသွားခဲ့စဉ် အချိန်အခါက လူ ၄-၅ ယောက်လောက် လမ်းပေါ်ထွက် ဗီနိုင်းကိုင် ဆန္ဒပြတာကိုတောင် သူ့လူတွေ၊ သူ့ ၀န်ကြီးတွေကို ခေါ်တွေ့ခိုင်း၊ ခေါ်မေးခိုင်း လုပ်ခဲ့တဲ့ လုပ်ရပ်မျိုးနဲ့ကတော့ လုံးဝ ကွာခြားပါတယ်။ သမ္မတအနားက လူတွေဟာ သတင်းမီဒီယာသမားတွေ ဆန္ဒပြတာကို မမြင်အောင်၊ မကြားအောင်၊ မတွေ့အောင် စီစဉ် ဆောင်ရွက်ပေးခဲ့ကြပါတယ်။
အလားတူပါပဲ။ နောက်တစ်နေ့မှာ ထွက်တဲ့ အစိုးရပိုင် မြန်မာ့အလင်း၊ ကြေးမုံနဲ့ စစ်တပ်ပိုင် မြ၀တီသတင်းစာတွေမှာ အဲဒီသတင်း လုံးဝမဖော်ပြပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ ဂျာနယ်မျက်နှာဖုံးတွေမှာတော့ ဖော်ပြကြပါတယ်။ စာနယ်ဇင်းသမားတွေ အဓိက ပြောချင်တဲ့ သဘောက သတင်းရေးသားဖော်ပြမှု တစ်ခုအတွက် သတင်းထောက်နဲ့ ဂျာနယ်တာဝန်ရှိသူတွေကို ဒီလောက်များပြားတဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ဖို့ မသင့်တော်ဘူး၊ အဲဒီလို ချမှတ်လိုက်တာဟာ တရားမျှတမှု မရှိဘူး၊ အစိုးရဟာ စာနယ်ဇင်း လောကကို ကြောက်သွားအောင် ခြိမ်းခြောက်ချင်တဲ့ သဘောနဲ့ ခုလို ကြီးလေးတဲ့ ပြစ်ဒဏ် ချလိုက်တာလို့ ယူဆပြီး ဆန္ဒပြပွဲတွေ လုပ်ကြတာပါ။ ဆန္ဒပြတဲ့အတွက်ကြောင့်လည်း သက်ဆိုင်ရာ ရဲစခန်းကနေ ပုဒ်မ ၁၈ နဲ့ တရားစွဲတာ ခံကြရပါပြီ။ သတင်းထောက်တွေ ဆန္ဒပြတာ မှန်ရဲ့လား ဆက်ကြည့်ရအောင်။
၂၀၁၄ ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့်၊ လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ် နှစ်ပတ်ဆက်တိုက် ဖော်ပြပါရှိပါတယ်။ ဆောင်းပါးကို အသေအချာ ဖတ်ကြည့်ရင် ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ဆက်စပ်တဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းနဲ့ ပတ်သက်ပြီး ဂျာနယ်စီအီးအို နဲ့ သတင်းထောက် လေးယောက် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃/၂၉ နဲ့ ထောင်ဒဏ် ၁၀ နှစ် ချတာ ခံလိုက်ရပါတယ်။
ဒီနေရာမှာ မေးစရာ မေးခွန်းက သတင်းထောက်တွေဟာ အဲဒီပြစ်မှု ကျူးလွန်ခဲ့သလား ဆိုတာပါ။ အမှုကို တရားရုံးမှာ စစ်ဆေးစဉ် တရားလို ဒု-ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို တရားခံ ရှေ့နေတွေက ဒီစက်ရုံကြီးမှာ နိုင်ငံတော်လျှို့ဝှက်ချက် ကိစ္စမျိုး ရှိသလား မေးပါတယ်။ သူက မရှိဘူးလို့ ပြန်ဖြေပါတယ်။ လျှို့ဝှက်ချက်မရှိတဲ့အတွက် ဒီသတင်းဖော်ပြချက်ထဲမှာ လျှို့ဝှက်ချက် ပေါက်ကြားသွားတယ်ဆိုတာ မျိုးရော ရှိနိုင်သလား မေးတာကို သူက မရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါဆိုရင် သတင်းဖော်ပြခဲ့တဲ့ သတင်းထောက်နဲ့ အယ်ဒီတာတွေကို ဒီပုဒ်မနဲ့ ထောင် ၁၀ နှစ်ချလိုက်တယ်ဆိုတာ မှန်ကန်မှု မရှိဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။
သမ္မတ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေး ဒု-၀န်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်ကတော့ အမှုမှာပါတဲ့ သတင်းထောက် သုံးယောက် လက်နက်စက်ရုံထဲ ခိုးဝင်တာ၊ ဓာတ်ပုံရိုက်ယူတာတွေကြောင့် ခုလို ထောင်ဒဏ်ချမှတ်ခံရတာလို့ ပြောပါတယ်။ ရေးသားဖော်ပြမှုအတွက် မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဒါဆိုရင်လည်း ကန့်သတ် ဧရိယာထဲ ခိုးဝင်ခဲ့တဲ့ ပိုင်နက်ကျူးလွန်မှုလို ပုဒ်မမျိုးနဲ့ဘဲ ပြစ်ဒဏ်ချနိုင်မယ်ထင်ပါတယ်။ နောက် တစ်ချက် ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် ဒီသတင်းထောက်တွေ အဲဒီလက်နက်စက်ရုံထဲဝင်ဖို့ ကြိုးစားတာဟာ ယူနတီဂျာနယ်မှာ သတင်းဖော်နိုင်ရေး တစ်ခုတည်းအတွက် ဆိုတာလည်း အလွန်ပေါ်လွင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်နက်စက်ရုံထဲ ခိုးဝင်မယ်၊အချက်အလက်တွေ ယူမယ်၊ ဓာတ်ပုံတွေ ရိုက်မယ်၊ ပြီးရင် အခြားမြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ တစ်နိုင်ငံငံ၊ ဒါမှမဟုတ် ဆန့်ကျင်ဘက် အဖွဲ့အစည်း တစ်ခုခုကို အချက်အလက်တွေပေးမယ်ဆိုတာမျိုး အကြံအစည် မရှိခဲ့တာ အလွန်ထင်ရှားပါတယ်။ ဒါကြောင့် ထောင်၁၀ နှစ်ချတာ လုံးဝမတရားဘူးဆိုတာ သတင်းထောက်တွေ အားလုံး သိရှိ နားလည်ကြလို့ ဆန္ဒပြတာ ဖြစ်နိုင်ပါတယ်။
ဒါတင်မက တရားရုံးက အမိန့်မချခင် သုံးရက်အလို ဇူလိုင် ၇ ရက် သမ္မတ မိန့်ခွန်းကလည်း တရားစီရင်ရေးစနစ်ကို ဖိအားပေးသလိုဖြစ်နေတာကလည်း မကျေနပ်နိုင်စရာပါ။ စာနယ်ဇင်းသမားတွေ ဆန္ဒပြရတဲ့ နောက်ထပ်အကြောင်းအချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေကတော့ သိပ်မကြာသေးခင် အချိန်တုန်းက ပြည်ထဲရေးလက်အောက်က ရဲအထူး သတင်းတပ်ဖွဲ့ဟာ စာနယ်ဇင်းမီဒီယာ တာဝန်ရှိသူတွေကို ခေါ်ယူစစ်မေးခဲ့တဲ့ ကိစ္စပါ။ ကိုယ့်အလုပ်မဟုတ်ဘဲ ခေါ်ယူစစ်မေးတာတွေလုပ်လို့ ခြိမ်းခြောက်မှုတစ်ခု အဖြစ် ရှုမြင်ကြောင်း စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း အဖွဲ့အစည်းတွေနဲ့ စာနယ်ဇင်းသမားတွေက ထုတ်ပြန်ခဲ့ကြပါတယ်။
အခုနောက်ဆုံး ကိုထင်ကျော် ဦးဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု MDCF အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ဖော်ပြခဲ့တဲ့ ဘိုင်မွန်းတည့်နေဂျာနယ်ရဲ့ အယ်ဒီတာနဲ့ သတင်းထောက်တွေကို ဖမ်းဆီးစစ်ဆေးစဉ်မှာလည်း အလားတူပါပဲ။ ဖမ်းဆီးရေးအဖွဲ့တွေဟာ ရေးသားဖော်ပြမှုနဲ့ မဆိုင်တဲ့၊ ထောင်ဒဏ် အများကြီး ချနိုင်တဲ့ ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒီထက် ပြင်းထန်ဆိုးရွားတဲ့ ပုဒ်မ ပြစ်ဒဏ်တွေနဲ့ အရေးယူနိုင်အောင် ဆက်ကြိုးစားနေတယ်ဆိုတဲ့ ထိတ်လန့်စရာ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလို လွတ်လပ်ခွင့်ရလာကာစ စာနယ်ဇင်းအပေါ် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖိနှိပ်ချုပ်ချယ်ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့အတွက် စာနယ်ဇင်း မီဒီယာသမားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု မှန်ကန်ပါကြောင်း၊ သမ္မတဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီစနစ်ကို တကယ်ပဲ သွားချင်တယ်ဆိုရင် ဒီကိစ္စ လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima

0 comments:

Post a Comment