Tuesday, July 22, 2014

လားရှိုးယာဉ်ထိန်းရဲက သတင်းထောက်ကို ထိုးကြိတ်မိ၍ ပြန်တောင်းပန်


 

လားရှိုး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင် ၁၈ ရက်၊ ည ၉ နာရီ ဝန်းကျင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုတွင် ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက နယ်ခံသတင်းထောက်တစ်ဦးကို ထိုးကြိတ်ခဲ့ပြီး ပြန်တောင်းပန်ခဲ့သည်။

လားရှိုးမြို့၊ မန်ဆူဘုရားအနီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူ သုံးဦးကို ဆေးရုံသို့ပို့ပြီးမှ ရောက်ရှိလာသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဲအုပ်သန်းကြွယ်နှင့် ရဲတပ်သားနှစ်ဦးရောက်ရှိလာရာ ဒေသခံတစ်ဦးဖြစ်သည့် ကိုအောင်နိုင်ဆိုသူက ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ယာဉ်များတွင် လိုင်စင်ရှိ၊ မရှိမေးရာ ရဲအုပ်သန်းကြွယ်က မခြေမငံပြောဆိုကာ ထိုးကြိတ်ကန်ကျောက်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့ အရပ်သားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်နေသဖြင့် မြစ်မခ သတင်းဌာနမှ နယ်ခံသတင်းထောက် ကိုစိုးမင်းနိုင်က ပြည်သူတစ်ဦးကို ကိုယ်ထိလက်ရောက် မလုပ်သင့်ကြောင်း ဝင်ရောက်ပြောဆိုရာ ရဲအုပ်သန်းကြွယ်က ယင်းသတင်းထောက်ကို ထပ်မံထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

ရဲအုပ်သန်းကြွယ် ထိုးကြိတ်ခဲ့သဖြင့် သတင်းထောက်ကိုစိုးမင်းနိုင်နှင့် ကိုအောင်နိုင်သည် လားရှိုးမြို့မရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့ရာ ယာဉ်ထိန်း ရုံးမှဒု-ရဲမှူးမိုးခိုင်ရောက်ရှိလာပြီး ရဲအရာရှိ၏ အမှားအတွက် တောင်းပန်ပြောဆိုသဖြင့် အမှုဖွင့်ခြင်းမရှိဘဲ ပြန်လာခဲ့သည်ဟု သတင်းထောက်ကိုစိုးမင်းနိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး မဇ္ဈိမက ယာဉ်ထိန်းရုံးသို့ သွားရောက်မေးမြန်ရာ ရဲအုပ်သန်းကြွယ်က" ယာဉ်တိုက်မှုဖြစ်လို့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ လူတစ်ယောက်က ကျွန်တော့ကို အထင်သေးနှိမ့်ချတဲ့ပုံစံနဲ့ လာမေးနေတယ်ဆိုပြီး စိတ်ခံစားမှုနဲ့ အခုလိုထိုးကြိတ်မိသလို ဖြစ်သွားတာပါ။ ကိုစိုးမင်းနိုင်ကိုလည်း ဒေါသဖြစ်နေတဲ့အချိန်မို့ သတင်းထောက်ပါလို့ ပြောတာကို မကြားလိုက်မိဘူး။ ဒါကြောင့် မဖြစ်သင့်တာတွေ ဖြစ်သွားရတာပါ"ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ရဲအုပ်သန်းကြွယ်က သတင်းထောက်စိုးမင်းနိုင်ကို ကျေနပ်သည်အထိ လုပ်ဆောင်ပေးရန် အဆင်သင့်ရှိနေသည်ဟု ဆိုခဲ့ပြီး သတင်းထောက်များ အားလုံးကိုလည်း တောင်းပန်ခဲ့သည်ဟု ရှမ်းပြည်မြောက်ပိုင်း သတင်းစာဆရာများကွန်ရက်က သတင်းထောက်များကပြောသည်။

Mizzima

0 comments:

Post a Comment