Monday, July 21, 2014

ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် သေနတ် တစ်လက် ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆပ်မြို့နယ်ဘက်မှ တာချီလိတ်မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ်ပေါ်မှ ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး ၄၀ ခန့်နှင့် သေနတ်တစ်လက် ဖမ်းမိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းက တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
မိုင်းဆပ်မြို့နယ်ဘက်မှ တာချီလိတ်မြို့ နယ်ဘက်သို့ မောင်းနှင်လာသည့် Vigo အဖြူရောင်ယာဉ်အား ရပ် တန့်ရှာဖွေရာ ယာဉ်ရှေ့ခန်းဂီယာအုံအဖုံး သားရေပြားအောက်မှ ဘိန်းဖြူဘလောက်တုံးတစ်တုံး၊ ယာဉ် နောက်ခန်းဘော်ဒီဝဲ/ယာ နှစ်ဖက် ကြားအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၃၉ တုံး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ယာဉ်ရှေ့ခန်းအတွင်းမှ အမေရိကန်နိုင်ငံထုတ် ၅၂၀၂ နံပါတ်ပါ ပွိုင့် ၃၈ ပစ္စတို သေနတ်တစ် လက်ကိုပါ ဖမ်းမိခဲ့ပြီး ကျည်ကတ်နှစ်ကတ်နှင့် ကျည်တောင့် ၁၄ တောင့်ကိုပါဖမ်းမိခဲ့သည်။
အဆိုပါကားပေါ်တွင် လိုက်ပါလာသူ ဒေါ်နန်းစံခမ်း(၃၂)နှစ်၏ နေအိမ်ကို သွားရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ ရေခဲသေတ္တာတင်သည့် အံဆွဲပါဘီဒိုငယ် အောက်ခြေမှအ၀ါရောင်တိတ်ဖြင့် ပတ် ထား ပြီး ကျပ်သိန်း ၅၆ သိန်းတန်သည့် ဘိန်းဖြူ ဘလောက်တုံးတစ်တုံးနှင့် အမေရိကန်ဒေါ်လာ ၁၀၀ တန် အရွက်ပေါင်း ၁၀၀ ကျော်ကို ထပ်မံဖမ်းမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိသူ ကျကွင်း၊ ကျဘိုနှင့် နန်းစံခမ်းတို့ သုံးဦးကိုတာချီလိတ်မြို့မ ရဲစခန်းက မယ(ပ)၁၀၃/၂၀၁၄၊ မူး/ စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၂(ခ) /၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

0 comments:

Post a Comment