Friday, July 4, 2014

ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်စခန်းများ ပြုပြင်ရန် သီးသန့်ဘဏ္ဍာငွေ မရှိဖြစ်နေ

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ဆောက်လုပ်ထားသည့်တဲများမှာ သက်တမ်းသုံးနှစ်ခန့် ရှိလာ၍ ယိုယွင်းနေပြီဖြစ်သော်လည်း                          ပြန်လည်ပြုပြင်တည်ဆောက်ရန် သီးသန့်ဘဏ္ဍာငွေမရှိဟု ကချင်ဒေသခံအဖွဲ့အစည်း ကိုးခုဖြင့် ဖွဲ့စည်းထားသော Joint Strategy Team ၏ အဖွဲ့ဝင်၊ မေတ္တာဖောင်ဒေးရှင်း၊ စီမံကိန်း ညှိနှိုင်းရေးမှူး ဦးဂွမ်ရှာအောင်က ပြောသည်။
“မိုးတွင်းရောက်လာပြီဆိုတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပေးထားတဲ့ ရွက်ဖျင်တဲတွေနဲ့က နေလို့မရတော့ဘူး။ ဘတ်ဂျက်က အပြည့်အ၀မရတော့ ပြင်ဖို့လိုအပ်နေတာတွေကို ရာနှုန်းပြည့် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး”ဟု ပြောသည်။
Joint Strategy Team သည် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် သက်ဆိုင်ရာအစိုးရ အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ထိန်းချုပ်ထားရာ နယ်မြေရှိ ကချင်စစ်ရှောင်ဒုက္ခသည်စခန်း ၁၄၈ ခုကို အကူအညီပေးနေခြင်းဖြစ်သည်။
ကချင်ဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် တစ်နှစ်လျှင် ဒေါ်လာ ၃၅ သန်း လိုအပ်သော်လည်း အဆိုပါ ပမာဏနီးပါးကို သုံးနှစ်အတွင်းသုံးစွဲခဲ့ရသည်ဟု အဖွဲ့က ပြောဆိုထားသည်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက “ဒီနှစ်ဆိုရင်shelter(တဲ)တွေ အကုန်ပျက်ပြီ။ မနှစ်တုန်းက ဘတ်ဂျက်ထဲမှာတဲတွေ တော်တော်များများက တစ်နှစ်ပဲ ရှိသေးတယ်။ ကောင်းသေးတယ်ဆိုပြီး ထည့် မတွက်ဘူး။ ဒီနှစ်က အကုန်လုံးထည့် ရတော့မှာ”ဟု ပြောသည်။
ဧပြီလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ထွက် ပြေးတိမ်းရှောင်ခဲ့သည့် ဒုက္ခသည်များ အတွက် UNHCR က ပေးသည့် ရွက်ဖျင်တဲ ၄,၀၀၀ ဖြင့် စီစဉ်ပေးထားသော်လည်း မိုးတွင်း ကာလတွင်ခိုင်ခန့်စွာဆောက်လုပ်ထားသည့် တဲများကို ဒုက္ခသည်စခန်းများ၌ လိုအပ်နေခြင်းဖြစ် သည်။
ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများတွင် ဒုက္ခသည်များ ခိုလှုံရန်အဆင်ပြေသော်လည်း ရှမ်းပြည် နယ်မြောက်ပိုင်း၌မှု မြေနေရာကိုငွေကြေးပေး၍ ငှားရမ်းသည့်တိုင် ငှားရမ်းသူနည်းပါးသည်ဟု ဦးဂွမ်းရှာ အောင်ကပြောသည်။
မေတ္တာဖောင်ဒေးရှင်းသည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးဝယ်ကြိုင် စစ်ရှောင်ဒုက္ခသည်စခန်းနှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း ကချင်စစ်ရှောင် ဒုက္ခသည်စခန်းများတွင် တဲအလုံးပေါင်း ၃၀၀ ကို ပြန်လည်တည် ဆောက်ရန် စီစဉ်ထားသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ရက်ကပြန်လည်စတင်ဖြစ်ပွားခဲ့သောအစိုးရနှင့် ကချင်လွတ် မြောက်ရေးတပ်မတော် ကေအိုင်အိုတို့၏ တိုက်ပွဲများကြောင့် သုံးနှစ်အတွင်း ကျေးရွာ ပေါင်း ၃၃၅ ရွာ ပျက်စီးခဲ့ရပြီး၊ ဒုက္ခသည် ၁ သိန်းအထိ ရှိနေပြီဟု အရပ်ဘက်အဖွဲ့အစည်းတို့က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ရာ နယ်မြေဂျေယန်းဒုက္ခသည် စခန်းတွင် ခန့်မှန်းခြေတဲပေါင်း ၆၀၀ ခန့်ရှိပြီး အစိုးရထိန်းချုပ်ရာနယ်မြေတွင်ရှိသည့် ဒုက္ခသည်ဦးရေထက် ပိုမိုများပြားနေသည်။
တရုတ်နယ်စပ်အနီးရှိ လဂတ်ယန်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တို့မှာမူ မေလ အကုန်တွင် တစ်ဖက်နိုင်ငံ နယ်စပ်နှင့် မန်ဝိုင်းကြီးကျေးရွာရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ဝင်ရောက်လာခဲ့သဖြင့် တဲများ ထပ်မံလို အပ်နေခြင်းဖြစ်သည်။

0 comments:

Post a Comment