Monday, July 21, 2014

တာင်ဖီလာတောင်တော်ကို အများပြည်သူ အပန်းဖြေနေရာတစ်ခု ဖြစ်လာနိုင်စေရန် ရည်ရွယ်လျက် စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

aa
ကလေးမြို့နယ်တွင်းရှိ အရှေ့အနောက်သွယ်တန်းနေသော တောင်ဖီလာတောင်တော်ကို စိမ်းလန်းသာယာစိုပြေရေးနှင့် အများပြည်သူ
အပန်းဖြေရာနေရာ ဖြစ်လာနိုင်စေရန် ရည်ရွယ်လျှက် ဇူလိုင် ၂ဝ ရက်၊ နံနက် ၈ နာရီတွင် သာကီနွယ်အဖွဲ့မှဦးဆောင်ကာ စုပေါင်းသစ်ပင်စိုက်ပွဲ
ပြုလုပ်၍ သစ်ပင်ပေါင်း(၄ဝဝ)ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
“ ကိုယ့်တော၊ ကိုယ့်တောင်၊ ကိုယ့်ဘာသာ ရေရှည်တည့်တံ့အောင် ရည်ရွယ်တယ်။ ပြီးတော့ ကျွန်တော်တို့ ကလေးမြို့မှာ အများပြည်သူ
အပန်းဖြေနားခိုစရာ နေရာမရှိဘူးလေ။ တောင်ဖီလာတောင်ကို တစ်ချိန်မှာ စစ်ကိုင်းတောင် ၊ မန္တလေးတောင်လို အများပြည်သူ
နားခိုနိုင်မယ့် နေရာမျိုးလေးဖြစ်သွားစေချင်တဲ့ စေတနာနဲ့ စိုက်ပျိုးကြတာဖြစ်ပါတယ် ” ဟု သာကီနွယ်အဖွဲ့အကျိုးဆောင် ဦးကိုကိုအောင်ကပြောသည်။
တောင်ဖီလာဆရာတော်မှ သစ်ပင်စိုက်ခြင်းနှင့်ပတ်သက်၍ ဗုဒ္ဓမြတ်စွာဘုရားသည် ဖွားမြင်စဉ်တွင်လည်းကောင်း၊ ခြောက်နှစ်လုံးလုံး
ဒုက္ကရစရိယကျင့်စဉ်တွင်လည်းကောင်း၊ ပရိနိဗ္ဗာန်ပြုစဉ်တွင်လည်းကောင်း သစ်ပင်နှင့်မကင်းခဲ့ခြင်းကြောင့် သစ်ပင်ကို ချစ်မြတ်နိုးခြင်း၊
သစ်ပင်စိုက်ခြင်းသည် ဗုဒ္ဓအလိုကျဖြစ်ကြောင်း သစ်ပင်မစိုက်မီ သြ၀ါဒမိန့်ကြားခဲ့သည်။
တောင်ဖီလာဆရာတော်နှင့် နေသာဆရာတော် သည် ကိုယ်တိုင်သစ်ပင်စိုက်ပျိုးကာ သစ်ပင်စိုက်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊
သစ်ပင်စိုက်ပွဲမကျင်းပမီ တောင်ခြေရှိမြစ်ခင်းပြင်တွင် အားမာန်ဘော်ဒါမှ တောင်ဖီလာဆရာတော်ထံ ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြောင်းလည်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပွဲတွင် သာကီနွယ်အဖွဲ့၊ အားမာန်ဘော်ဒါမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ နေသာပညာဒါနနှင့်
သစ်ပင်ချစ်သူများပါဝင်ကာ အင်အား(၃၀၀)ကျော်ဖြင့် စိုက်ပျိုးခဲ့ကြကြောင်း၊ တောင်ဖီလာတောင်ထိပ်ရှိစေတီတော်သို့ တက်ရာလမ်းဘေး
ဘယ်ညာတွင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ကျော်သူစိုး(ကလေးမြို့)

0 comments:

Post a Comment