Friday, July 4, 2014

စမတ်ဖုန်းသုံးစွဲသူများ တစ်လလျှင် ပျှမ်းမျှ app ၂၇ ခု သုံးစွဲဟုဆို

လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ကျင်းပပြုလုပ်ခဲ့သော WWDC ပွဲတွင် iOS သုံးစွဲသူများ၏ App Store မှ app များကို download ပြုလုပ်သည့် အရေအတွက် ၇၅ ဘီလီယံ ရှိခဲ့ကြောင်း Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က ကြေညာခဲ့သည်။ ထို့နောက်တွင် Nielsen က စမတ်ဖုန်းသုံးစွဲသူများ၏ တစ်လအတွင်း သုံးစွဲသည့် app အရေအတွက်ကို အစီရင်ခံစာ တစ်ရပ်နှင့်အတူ ဖော်ပြခဲ့သည်။
လေ့လာဆန်းစစ်ရေးအဖွဲ့ Nielsen ၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံရှိ အသက် ၁၈ နှစ်အထက် iPhone နှင့် Android သုံးစွဲသူများ၏ မိုဘိုင်း application များဖြင့် အချိန်ဖြုန်းတီးမှုသည် လွန်ခဲ့သည့် နှစ်နှစ်ကထက် ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် သုံးစွဲသူများ၏ တစ်လအတွင်း app များ အသုံးပြုသည့်အချိန်သည် ၃၀ နာရီ ၁၅ မိနစ်ရှိကြောင်း၊ ၎င်းသည် ၂၀၁၁ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် တစ်လအတွင်း app သုံးစွဲချိန် ၁၈ နာရီ ၁၈ မိနစ်ထက် ပိုမိုလာခြင်းဖြစ်ကြောင်း Nielsen ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ထို့အပြင် တစ်လအတွင်း စမတ်ဖုန်းသုံးစွဲသူများ အသုံးပြုခဲ့သည့် app အရေအတွက်ကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၁၁ ခုနှစ် စတုတ္ထ သုံးလပတ်တွင် တစ်လအတွင်း အသုံးပြုသည့် ပျှမ်းမျှ app အရေအတွက်သည် ၂၃.၂ ခုသာ ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် ၂၆.၅ ခုနှင့် ၂၀၁၃ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၂၆.၈ ခုအထိ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ပြီးခဲ့သည့်လက app အသုံးပြုမှုနှုန်းသည် တစ်လလျှင် ပျှမ်းမျှ ၂၇ ခု ရှိလာခဲ့ကြောင်း Nielsen မှ ဖော်ပြခဲ့သည်။
Ref: TUAW

0 comments:

Post a Comment