Thursday, March 28, 2013

မျိုးဆက်သစ် ရေကြောင်း ပညာရှင်များ မွေးထုတ် ပေးနေသော ကုန်သွယ် ရေကြောင်း ကောလိပ်




ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် ကြီးကို ဘက်စုံ ထောင့်စုံမှ ဆောင်ရွက်နေသည့် အချိန်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု သည်လည်း အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။

ယင်းတို့ကို အခြေခံ၍ ယနေ့ခေတ် လူငယ်များ အခြေခံ ပညာ အထက်တန်း အောင်မြင်ပြီး ဘဝအတွက် ဆုံးဖြတ်ချက် တစ်ခု ချမှတ်၍ ရောက်ရှိလာသူ များအား ပညာ ရည် မြင့်မားပြီး အဖိုးတန်သော မျိုးဆက်သစ် ရေကြောင်း ပညာရှင် များကို စဉ်ဆက်မပြတ် လေ့ကျင့် မွေးထုတ်ပေးလျက် ရှိသော ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်သည်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။

ထိုကုန်သွယ် ရေကြောင်း ကောလိပ်ကြီးသည် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်- ဆိပ်ကြီး တပ်မတော် (ရေ) လေ့ကျင့်ရေး ကျောင်းမှ ကုန်သွယ်ရေကြောင်း အရာရှိလောင်း သင်တန်း အပတ်စဉ် (၁)ကို ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေကြောင်း အရာရှိလောင်း ၂ဝ ဦးနှင့် အင်ဂျင်နီယာ အရာရှိလောင်း ငါးဦးတို့ကို စတင်မွေးထုတ် သန္ဓေ တည်ခဲ့သည်။

ထိုမှတစ်ဆင့် အပတ်စဉ် အလိုက် အရာရှိ လောင်းများ မွေးထုတ်ခဲ့ရာ ယခု အခါတွင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ကြီး အဖြစ် အဆင့်မီ တိုးမြှင့် ဖွင့်လှစ်၍ အရည် အသွေး ပြည့်ဝသော အရာရှိ လောင်းများ မွေးထုတ်ပေးကာ ရေကြောင်း လောကတွင် ဝင့်ဝင့် ကြွားကြွား ရပ်တည် နိုင်ခဲ့သည်။ ရေကြောင်း မျိုးဆက်သစ် များကို အပတ်စဉ် (၁)မှ ယခု ၂ဝ၁၃ ခုနှစ် ပညာသင်နှစ် အပတ်စဉ်(၅) (စီဒီ-၃၉/ စီအီး-၃၇)မှ သင်တန်းဆင်း ရေကြောင်း အရာရှိလောင်း ၁ဝ၂ ဦးနှင့် ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၁၂၂ ဦးတို့ အပါအဝင် ရေကြောင်း အရာရှိလောင်း၂၂၁၂ ဦးနှင့် အင်ဂျင်နီယာ အရာရှိလောင်း ၂၁၂၈ ဦးတို့ကို စွမ်းရည် ထက်မြက်ပြီး နိုင်ငံတကာ အဆင့်မီ ရေကြောင်း ပညာရှင်များ အဖြစ် ပြုစုပျိုးထောင် မွေးထုတ် ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သင်တန်း ကာလမှာ ၂ နှစ်ဖြစ်ပြီး သင်တန်းကာလ တစ်လျှောက်တွင် သင်ရိုး ညွှန်းတမ်းများကို အပြည်ပြည် ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် (International Maritime Organization) က သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့် အညီ ရေးဆွဲထားသည့် အပြင် နိုင်ငံတကာ ရေကြောင်း တက္ကသိုလ် များက ရေးဆွဲထားသည့် သင်ရိုး ညွှန်းတမ်း များကို လေ့လာပြီး နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်း များနှင့်အညီ လေ့ကျင့်သင်ကြား ပေးခဲ့ခြင်း ဖြစ်ပါသည်။

ထိုသင်တန်းသည် နိုင်ငံတကာ ရေကြောင်း တက္ကသိုလ် များတွင် ကျင့်သုံးနေသော ပညာရေးနှင့် လေ့ကျင့်ရေး စံချိန် စံနှုန်းများနှင့် အညီ စနစ်တကျ လေ့ကျင့်သင်ကြား ပို့ချခြင်း ဖြစ်သောကြောင့် ကုန်သွယ်ရေကြောင်း အရာရှိလောင်း သင်တန်းဆင်း လက်မှတ် ရရှိသူများ အနေဖြင့် နိုင်ငံခြား ရေကြောင်း တက္ကသိုလ် များတွင် ဆက်လက် သင်ကြားနိုင်သည့် အပြင် လုပ်ငန်းခွင် ဝင်လိုလျှင်လည်း အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင် နိုင်ရုံသာ မက ကုန်းပေါ်ရှိ သင်္ဘော ကုမ္ပဏီများ၊ အေဂျင်စီများနှင့် သင်တန်း ကျောင်းများတွင်လည်း တာဝန် ထမ်းဆောင်နိုင်မည့် အခွင့် အရေးများ ရရှိမည် ဖြစ် သည်။

ရေကြောင်း အရာရှိလောင်းများ အနေဖြင့် သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်ခြင်းသည် စုပေါင်း လုပ်ရသည့် အလုပ် (Team Work) စနစ်များ၊ စနစ်တကျ ဦးဆောင်ကွပ်ကဲ လမ်းညွှန် ပေးမှု (Leader Ship) စနစ်များနှင့် စာပေ နည်းပညာရပ် များကို အခြေပြု၍ သင်ကြားပေးခြင်း ဖြစ်သောကြောင့် အရည်အချင်း ပြည့်ဝသော ရေယာဉ်မှူး ကြီးများ၊ အင်ဂျင်နီယာ ကြီးများ အဖြစ် ရပ်တည်နိုင်ပြီး နိုင်ငံတော် အတွက် များစွာ အကျိုး ပြုနိုင်မည် ဖြစ်ပါသည်။
ယင်းရေကြောင်း ကောလိပ်ကြီးသည် ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍတွင် အဖိုးတန် လှသည့် လူ့စွမ်းအား အရင်း အမြစ်များ၊ နိုင်ငံတော် အတွက် အားထားရသော ရေကြောင်း ပညာရှင်များ ဖြစ်လာမည့် အပြင် ရေကြောင်းဆိုင်ရာ အသိ ပညာရှင်၊ အတတ် ပညာရှင် များကို နှစ်စဉ် မွေးထုတ် ပေးလျက်ရှိသော ကျောင်းကြီး တစ်ကျောင်းပင် ဖြစ်ပါကြောင်း မှတ်တမ်းပြုစု ရေးသားတင်ပြ လိုက်ရပါသည်။

0 comments:

Post a Comment