Friday, March 29, 2013

အရက်သမားနှင့် အင်တာဗျူးခြင်း

မေး နာမည်က
ဖြေ သူရာသူငယ်ချင်းတွေက ယမကာလုလင်လို့ခေါ်တယ်၊ တချို့ကအရားသမက်လို့ခေါ်တယ်။ ကျုပ်ယောက္ခမနာမည်ကအရားလေ။
မေး သြော်တော်တော်တိုက်ဆိုင်တာပဲ။ အရားသမက်ဆိုတော့ အရက်သမားပေါ့နော်။
ဖြေ အင်းကျုပ်ဖြင့် မတွေးမိပါဘူးဗျာ။
မေး အရက်ကို ဘယ်အရွယ်ကတည်းက စသောက်ခဲ့ပါသလဲ။
ဖြေ လူမှန်းသိတတ်စကတည်းက ဆိုပါတော့ဗျာ။
မေး ဒါဆို ဘယ်အချိန်မှာ ကိုယ့်ကိုကိုယ် လူမှန်းသိလာပါသလဲ။
ဖြေ လူမှန်းသူမှန်းမသိအောင် မူးဖူးတဲ့အချိန်မှာပါ။
မေး အရက်ကို ဘယ်လိုခံယူချက်နဲ့သောက်ပါသလဲ။
ဖြေ ဟာဗျာအရက်သမားပါဆို ခံယူချက်ရှိမလားဗျ။
မေး ဒါဆိုအရက်ကို ဘာလို့သောက်လဲ။
ဖြေ ကြိုက်လို့။
မေး ဘာဖြစ်လို့ကြိုက်တာလဲ။
ဖြေ သောက်လို့ပေါ့။
မေး သြော်ဒီပြင့်ခံယူချက်ကောရှိသေးလား။
ဖြေ လာပြန်ပြီခံယူချက်၊ ဒီမှာအရက်ဆိုတာ လူတွေထွင်ခဲ့တာမဟုတ်လား၊ အဲဒီလို ထွင်ခဲ့တဲ့သူတွေကို အားနာလို့သောက်တာကလည်း တစ်ကဏ္ဍပါတယ်။
မေး ဒါနဲ့ ရှေ့ကဖန်ခွက်ထဲက အခုသောက်နေတာက ဘာလဲခင်ဗျာ။
ဖြေ ၀ီစကီလို့ခေါ်တယ်။
မေး သူ့အကြောင်း နည်းနည်းရှင်းပြနိုင်မလား။
ဖြေ မူလစထွင်ခဲ့တဲ့နိုင်ငံက စကော့တလန်၊ ဒါကြောင့်လည်း စကော့ခ်ျ ၀ီစကီလို့ခေါ်ကြတာပေါ့။
မေး ၀ီစကီရဲ့ အဓိပ္ပာယ်က
ဖြေ အင်းသိသလောက်ပြောရရင်၊ ရှေးဗြိတိန်စကားလို့ထင်တာပဲ။ အဓိပ္ပာယ်က “Water of Life ဇီဝရေစင်တဲ့။
မေး စိတ်ဝင်စားစရာပဲနော်၊ ဒါနဲ့ အရက်သောက်ရင် ကံငါးပါးစလုံး ကျိုးနိုင်တယ်ဆိုတာဟုတ်သလား။
ဖြေ ဟာဗျာအရက်သောက် အမူးလွန်လို့ ကျန်တဲ့ကံလေးပါးတော့လုံတယ်ဆိုတာပဲ ကြားဖူးပါတယ်ဗျ။
မေး ဟုတ်လား။ နည်းနည်းလောက် ပိုရှင်းပြနိုင်မလား။
ဖြေ ဒီလိုလေဗျာ။သူတစ်ပါးအသက်သတ်ခြင်းတဲ့။ သူတစ်ပါးအသက် သတ်ဖို့မပြောနဲ့၊ ကိုယ်တောင် မလဲအောင် ဓာတ်တိုင်ဖက်နေရတာဗျ။
မေး ဟုတ်တာပဲ။
ဖြေ သူတစ်ပါးပစ္စည်းခိုးခြင်းတဲ့။ သူတစ်ပါးဟာ ခိုးဖို့မပြောနဲ့ဗျာ၊ ကိုယ့်အိတ်ထဲက ပိုက်ဆံ ဘယ်သူနှိုက်သွားတယ်တောင် မသိပါဘူးဗျာ။
မေး ဟုတ်ကဲ့၊ ဆက်ပါဦး။
ဖြေ သူတစ်ပါး သားမယား ပြစ်မှားခြင်းတဲ့။ ကြားဖူးမှာပေါ့ ရုပ်ရှင်တွေမှာကိုယ် ညက လူမှန်းသူမှန်းမသိလို့ ဖြစ်သွားတာပါတဲ့ ဘယ်နှယ့်ဗျာ။ သူ့သွားထိဖို့မပြောနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ဗျ။ ခပ်ရိုင်းရိုင်းပြောရရင် ကိုယ့်ဖင်ထဲ ကြွက်ဝင်သွားတာတောင် သိတာမဟုတ်ဘူး။
မေး သြော်ဟုတ်လား၊
ဖြေ မမှန်သောစကားကို ပြောခြင်းဘယ့်နှယ်ဗျာ၊အရက်မူးကျွဲခိုးပေါ်ဆိုတဲ့စကားတောင်ရှိသေး။ ပြီးတော့ လိမ်လည်ဖို့နေနေသာသာ လျှာတွေလေးနေလို့ စကားကိုတောင် မနည်းပြီအောင်ပြောနေရတာ။
မေး ဟုတ်ကဲ့၊ ဒါဆို အရက်သမားတွေကို သက်သက်သိက္ခာချတာပေါ့နော်။ ပြီးတော့ အရက်သောက်ရင် စိတ်ကူးစိတ်သန်းတွေ ထွက်တယ်ဆိုတာကိုကော
ဖြေ အကြွင်းမရှိ ထောက်ခံပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စာချိုးလေးတောင်ရှိသေးတယ်။
မေး ဟုတ်လား၊ ပြောပြပါဦး။
ဖြေ မူးလျှင်အိပ်ပျော် စိတ်ကူးပေါ်၊ နိုးလျှင်ပြန်သောက် အကြံပေါက်တဲ့။
မေး ကောင်းတယ်ဗျာ၊ရေအသက်တစ်မနက်၊ ထမင်းအသက် ခုနှစ်ရက်ဆိုတာ ကြားဖူးမယ်ထင်တယ်။ အရက်ရဲ့အသက်ကကော
ဖြေ အင်းဒါတော့ ကျုပ်သေချာမသိဘူး၊ အဲ တစ်ခုတော့ကြားဖူးတယ်အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်၊ အသောက်မှာ အရက်တဲ့။
မေး ဟုတ်ကဲ့၊ ဒါဆို အရက်မှာ ဘယ်လိုအရသာမျိုးရှိပါသလဲ။
ဖြေ ဘယ်အရက်ကိုပြောတာလဲဗျာ၊
မေး အခုခင်ဗျားသောက်နေတဲ့ ၀ီစကီဆိုပါတော့
ဖြေ သိချင်ရင်သောက်ကြည့်လိုက်တာ အကောင်းဆုံးပါ၊ အရက်ကို ခံစားတဲ့နေရာမှာ မသောက်ဖူးတဲ့သူရဲ့ ခံစားချက်နဲ့၊ သောက်နေကျသူရဲ့ ခံစားချက်က 100 % ကွာခြားပါလိမ့်မယ်။
မေး Percentage ဆိုလို့ 100% Volume ပါတဲ့အရက်ကိုကော သောက်ဖူးပါသလား။
ဖြေ အဲဒါမျိုး မကြားဖူးသေးဘူးဗျ၊ ဒါပေမယ့် ကျုပ် ရှေ့မှာပြောခဲ့သလိုပေါ့၊ ထွင်တဲ့သူရှိရင်တော့ သောက်ကြည့်ရမှာပါပဲဗျ။
မေး ဟုတ်ပါပြီဗျာ၊ အရက်သောက်ဖို့အတွက် အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိပါသလား။
ဖြေ လူတကာနဲ့နှိုင်းပြီးပြောရရင်တော့ မရှိဘူးဗျ။ အရက်အတွက် အချိန်နဲ့ နေရာကန့်သတ်ချက်ဆိုတာ မရှိဘူး။ တချို့က ပျော်လို့သောက်တယ်၊ တချို့က စိတ်ညစ်လို့သောက်တယ်။ တချို့က အသဲကွဲလို့သောက်တယ်၊ တချို့က မင်္ဂလာပွဲမှာသောက်တယ်။
မေး အရက်သောက်ရင် ပင်ပန်းနွမ်းနယ်မှုတွေပျောက်တယ်ဆိုတာကိုကော
ဖြေ ပျောက်ပါတယ်၊ အခန့်မသင့်ရင် အသက်ပါ ပျောက်နိုင်ပါတယ်။
မေး အရက်နဲ့ အရောင်အဆင်းကကော ဘယ်လိုပတ်သက်မယ်ထင်လဲ။
ဖြေ ရေကအရောင်မရှိပါဘူး။ အဲအရက်ကတော့ အရောင်စုံပဲ။ အရောင်မရှိတာတောင် ရှိသေး။ ရေနဲ့ကွာခြားချက်ကတော့ အရက်ကပေးနိုင်တာရီဝေယစ်မူးစေခြင်းပေါ့။
မေး စကားမစပ်၊ အရက်နဲ့ မိန်းမကကော
ဖြေ အများကြီးကွာခြားတယ်ဗျ။ အင်း
မေး ဟုတ်လား၊ ပိုရှင်းပြနိုင်မလား။
ဖြေ ဥပမာဗျာ၊ ခင်ဗျားညမှာ သောက်နေတဲ့အရက် ဆက်မသောက်နိုင်ရင် သွန်ပစ်လိုက်လို့ရတယ်၊ စားပွဲပေါ်မှာ ဒီအတိုင်းထားပစ်ခဲ့လို့ရတယ်။ သောက်ချင်ရင် အချိန်မရွေးပြန်ထသောက်လိုက်။ ခင်ဗျား မိန်းမကျတော့ အဲလိုအဲခပ်ရှင်းရှင်းပြောရရင် အရက်က သစ္စာရှိတယ်ပေါ့ဗျာ။
မေး အဲဟုတ်ကဲ့။
ဖြေ ပြီးတော့ ခင်ဗျားသောက်လက်စ ၀ီစကီပုလင်း၊ မကုန်ရင် နောက်နေ့ဆက်သောက်၊ အရသာက ထူးမခြားနား။ ခင်ဗျားမိန်းမကျတော့ မျက်နှာက ဒီနေ့ပြုံးချင်ပြုံးနေမယ်၊ နောက်ရက်ကျတော့ ဆူပုတ်ချင်ပုတ်နေမယ်။ မူးလို့တောင် ရှူစရာမရှိဘူးဆိုတာ မိန်းမတွေကိုပြောတာနေမှာ။
မေး ဟုတ်ကဲ့၊
ဖြေ ရှိသေးတယ်နော်၊ ခင်ဗျားဒေါသထွက်ရင် အရက်ပုလင်းကို နံရံနဲ့စောင့်ပြီး ရိုက်ခွဲပစ်လို့ရတယ်။ အဲခင်ဗျားမိန်မကိုတော့
မေး ဟုတ်ကဲ့ ကျွန်တော် သဘောပေါက်ပါပြီ၊ ဒါနဲ့အရက်နာကျဖူးမယ်လို့ထင်ပါတယ်၊ အရက်နာကျရင် ဘယ်လိုခံစားရပါသလဲ။
ဖြေ ကိုယ်ချစ်လို့၊ ကြိုက်လို့ယူလိုက်တဲ့မိန်းမလိုပဲ သည်းညည်းတော့ ခံရမှာပေါ့ဗျာ။ အဲလိုပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။
မေး ဟုတ်ကဲ့ အခုလို ဂရုတစိုက်ဖြေကြားပေးတဲ့ကိုသူရာကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် အရက်နဲ့ပတ်သက်ပြီး မှတ်မှတ်ရရ စကားတစ်ခွန်းလောက် ပြောပေးပါလို့
ဖြေ အင်း… “သောက်ရင်မူးမယ်၊ မူးရင်သောက်မယ်ဗျာ။

0 comments:

Post a Comment