Friday, March 29, 2013

ပန်းများနဲ့ နေ့ညအပြောင်းအလဲ ______________________



နေရာဒေသတစ်ခုထဲမှာရှိတဲ့ပန်းတွေရဲ့ ဖူးပွင့်ချိန်က တူညီကြတယ်။ တချို့ပန်းတွေက ပန်းပွင့်ချိန် တသတ်မတ်တည်းရှိတာကို တွေ့ရတယ်။ ဥပမာ- Cnidium လို့ခေါ်တဲ့ပန်းက မနက် ၃ နာရီမှာပွင့်တယ်။ Morning Gloryပန်းက မနက် ၄ နာရီမှာပွင့်တယ်။ နှင်းဆီပန်းက မနက် ၅နာရီမှာ ပွင့်တယ်။ ကြာပန်းက မနက် ၈ နာရီမှာပွင့်တယ်။ စပယ်ပန်းက ညနေ ၅နာရီ ဝန်းကျင်လောက်မှာပွင့်တယ်။ ညမွှေးပန်းက ည၈နာရီမှာပွင့်တယ်။ Epiphyllum ပန်းက ည၉နာရီမှာပွင့်ပါတယ်။ အဲဒီလိုပန်းတွေဟာ သူ့အချိန်နဲ့သူ ပွင့်တတ်ပြီး မနက်၊ နေ့လယ်၊ ညနေမှာ အပွင့်များကြတယ်။ ညမှာပွင့်တတ်တဲ့ ပန်းအမျိုးအစားက နည်းပါတယ်။

ဒါကြောင့် ၁၈ ရာစုမှာ ဆွီဒင်ရုက္ခဗေဒပညာရှင် Carolus Linnaeus က မတူတဲ့အချိန်မှာ ပွင့်တတ်တဲ့ပန်းတွေနဲ့ "ပန်းနာရီ" ပြုလုပ်ခဲ့တယ်။ အခုအချိန်ထိ ဥရောပနိုင်ငံတချို့မှာ ပန်း"နာရီ"နဲ့ ပန်းတွေကို အလှဆင်ဆဲဖြစ်ပါတယ်။

ပန်းပွင့်ချိန်ဟာ သတ်မှတ်ချိန်မှာပဲ တသတ်မတ်တည်း ပွင့်ရတဲ့အကြောင်းရင်းက ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ ဥပမာ- နေ့နဲ့ည၊ ရာသီဥတု၊ အလင်း၊ နေရောင်ခြည် စတဲ့ အပြောင်းအလဲတွေကြောင့်ဖြစ်တယ်။ နောက်ပြီး ဝတ်မှုန်ကူးခြင်းနဲ့လည်း ဆိုင်ပါတယ်။ ပျားနဲ့ဝတ်မှုန်ကူးမယ့်ပန်းတွေက မနက်စောစောမှာ ပွင့်ကြရတယ်။ အကြောင်းက ပျားတွေဟာ မနက်စောစောမှာ အလုပ်လုပ်ကြလို့ဖြစ်တယ်။ ညမှလှုပ်ရှားတဲ့ပိုးဖလံနဲ့ ဝတ်မှုန်ကူးမယ့် ပန်းတွေက ညမှပဲပွင့်ကြရတယ်။

Morning Glory ပန်းမျိုးက တမူထူးခြားပါတယ်။ မနက် ၄ နာရီမှာ Morning Glory ရဲ့ ပွင့်ဖတ်တွေက ဖူးငုံ့ရာမှ တဖြေးဖြေး ပွင့်အာလာပြီး မနက် ၆ နာရီခွဲမှာ လုံးဝပွင့်သွားတော့တယ်။ မွန်းတည့်ချိန်ဟာ အပွင့်ဆုံးအချိန်ဖြစ်ပြီး မွန်းလွဲတာနဲ့ ပွင့်ဖတ်တွေက တဖြေးဖြေး ပြန်ငုံ့သွားတတ်တယ်။ Morning Glory ဟာ မနက်ပိုင်းမှာပဲ ပွင့်ရတာက သိပ်မပြင်းသေးတဲ့ မနက်ပိုင်းနေရောင်ခြည်မှာ ပန်းဟာ လိုအပ်တဲ့ရေဓာတ်ကို အလုံအလောက်ရခဲ့လို့ဖြစ်တယ်။ ဒါပေမယ့် နေ့လယ်ရောက်တာနဲ့ ပါးပြီးအလွှာကြီးတဲ့ပွင့်ဖတ်က ရေကို အလွယ်တကူ အငွေ့ပျံစေခဲ့တယ်။ ဒါကြောင့် မွန်းလွဲတာနဲ့ ပန်းပြန်ငုံ့သွားရခြင်းဖြစ်တယ်။

Epiphyllum ပန်းက ညမှပွင့်တတ်ပြီး ပွင့်ချိန်နာရီပိုင်းပဲ ကြာတတ်တယ်။ Epiphyllum ပန်းကအမေရိကားတိုက်မှာရှိတဲ့ မက်ဆီကို သဲကန္တာရမှာ ပေါက်ရောက်တယ်။ ပြူပင်းတဲ့ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေနိုင်ဖို့ Epiphyllum ဟာ ပူပြင်းခြောက်သွေ့တဲ့ ဒဏ်ကို ခံနိုင်အောင် ကြိုးစားရတယ်။ ရေငွေ့ပျံမှုလျော့နည်းအောင် အရွက်တွေကို သေးသွယ်တဲ့လှံချွန်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲထားတယ်။ ပူပြင်းတဲ့နေ့အချိန်မှာ ရေငွေ့ပျံအားကောင်းတဲ့အတွက် ပန်းပွင့်ဖို့ လုံလောက်တဲ့ ရေဓာတ်ကိုမရခဲ့ပါဘူး။ ဒါကြောင့် ညအပူရှိန် လျော့ချိန်မှာပဲ ပန်းပွင့်ကြတာဖြစ်တယ်။

Epiphyllum ပန်းဟာ ပန်းပွင့်ချိန်နာရီပိုင်းပဲ ကြာရတဲ့အကြောင်းကလည်း အမြစ်ကနေ စုတ်ယူတဲ့ရေဓာတ် မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်တယ်။ နောက်တစ်ချက်က သဲကန္တာရမှာရှိတဲ့ နေ့နဲ့ည အပူချိန် ကွာဟချက်ကြောင့်ဖြစ်တယ်။ ဒါကြောင့် ပန်းပွင့်ချိန် ၃ , ၄ နာရီသာ ကြာမြင့်တတ်လို့ အချိန်တိုတောင်းခြင်းကို ဒီပန်းနဲ့ ခိုင်းနှိုင်းကြပါတယ်။


*** တရုတ်စာ အလယ်တန်းပြဌာန်းစာအုပ်ထဲက စာတချို့ပါ.. ကျွန်မဖတ်မိပြီးစိတ်ဝင်စားလို့ ဘာသာပြန်သိမ်းထားခဲ့ပါတယ်။ ဗဟုသုတအဖြစ် အားလုံးကို ပြန်မျှဝေပါတယ်။

0 comments:

Post a Comment