Friday, May 17, 2013

“အသပြာ” ဆရာဝန်


ဟင်္သာတ၊ မေ ၁၆။

အသပြာဆရာဝန်အကြောင်း နိုင်ငံတော်သမ္မတကြီးနဲ့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးတို့ကြားအောင် အောက်ခြေဝန်ထမ်းဘဝနဲ့ ကျေးလက်ပြည်သူတွေရဲ့ ခံစားနေရတဲ့ ကျန်းမာရေး ဝန်ဆောင်မှုကို သိအောင်
ပြောပေးပါ။

အောက်ခြေဝန်ထမ်းဘဝတွေဟာ ဌာနတူ၊ တစ်မိုးအောက်မှာ နှိပ်ကွပ်မှု မျိုးစုံနဲ့
အဖိအနှိပ်ခံနေရတာ အထက်လူကြီးတွေ သိစေချင်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ရဲ့
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အောင်မြင်ဖို့မှာ
အခုလို ဗုံမဟုတ် ပတ်မဟုတ်တဲ့ ဂုဏ်တွေမောက်မာ၊ ငွေမျက်နှာသာ
ကြည့်တတ်တဲ့သူတွေကြောင့် အများပြည်သူရဲ့ ယုံကြည်အားကိုးမှု
လျှော့ကြစေနိုင်တာလည်း ဖြစ်ပါတယ်။

ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ
တိုက်နယ်ဆေးရုံက ဝန်ထမ်းတစ်ဦးပါ။ လုပ်သက်(၁ဝ)နှစ်အတွင်းမှာ ဒီလို
ကောက်ကျစ်တဲ့ စိတ်မမှန်သော ဆရာဝန်မျိုး မတွေ့ခဲ့ရပါဘူး။ ဆရာသမား
အရာထားပြီး အပြန်အလှန် နားလည်မှုပေးသော်လည်း အောက်ခြေဝန်ထမ်းများကို သူ၏
ခိုင်းဖက်သဖွယ် ဆက်ဆံနေတာကြောင့် အရဲစွန့်ပြီး ရင်ဖွင့်ရတာပါ။
တစ်မိုးအောက်က ကျန်းမာရေးဝန်ထမ်း အချင်းချင်းမှာတောင် ဒီလိုမျိုးတွေကို
ကျွန်တော့်ဇနီးမီးဖွားစဉ်က ကိုယ်တိုင်ကြုံခဲ့ရတာပါ။ မီးဖွားပြီး ခွဲခန်းက
အထွက်မှာ ကုန်ကျစရိတ်မေးတော့ ဆရာမကြီးက အချင်းချင်းပေးရန်မလိုဘူး ဆိုလို့
ဆရာဝန်အား “Red LebaL (၂)လုံး၊ ခေါက်ဆွဲကြော် (၁ဝ)ပွဲနဲ့
ကျွဲရိုင်း(၁ဝ)ဗူး” ဂါရဝပြုခဲ့ပါတယ်။ နောက်နေ့ကျ ဆရာမကြီးကို
ငွေငါးသောင်းကျပ် တောင်းခိုင်းလို့ ကျွန်တော် သွားပေးခဲ့ရတယ်။

ဒီလိုမျိုး ဆိုးတာလည်းသိ၊ ကောင်းတာလည်း သိတဲ့သူ အချင်းချင်းကိုတောင် သက်ညှာမပေးရင်
ကျေးလက် ဆင်းရဲသူတွေဆိုတာ ပြောစရာ မလိုပါ။
ကျွန်တော်ရတဲ့ လစာက အောက်ခြေဝန်ထမ်းလစာကို နှစ်တိုး ပေါင်းပြီးမှ
တစ်သိန်းတစ်ထောင်ကျပ်ပဲ ရတာဖြစ်တော့ တစ်လစာလောက် ကုန်ခဲ့ရပါတယ်။ အဲဒီ
ပြဿနာက မွေးလာတဲ့ကလေး (၃)ရက်မြောက်နေ့အထိ ပါလာပါတယ်။ ကလေးက အသားဝါ
ဝင်ပြီး (၄)ရက်သားနေ့မှာ အသားတွေ ဝါထိန်နေတာကြောင့် ဆရာဝန်ကို
ကြည့်ဖို့ပြောတော့ မလာခဲ့ပါ။ ဆရာမကြီးကို မေးတော့ ဟင်္သာတကို သွားပြရင်
ကောင်းမယ်၊ တော်တော် ဝါနေပြီ ဆရာဝန်ကို ပြောပြီး
မြန်မြန်သွား အဲလိုဖြစ်နေချိန်ထိ ဆရာဝန်ရောက်မလာခဲ့ပါ။ အတော်ကြာမှ ရောက်လာပြီး
သွေးစစ်ဖို့ ခိုင်းသဖြင့် ဟင်္သာတသွားပြမယ်ဟု ကျွန်တော်ကပြောတော့ စိတ်ဆိုးပြီး သွားကွာ
ဟု ပြောထုတ်ခဲ့ပါတယ်။

ဟင်္သာတခရိုင်ဆေးရုံမှာ ကလေးအထူးကုကြီး လာရောက်ကြည့်ပြီး စိုးရိမ်ရသော
အခြေအနေရှိကြောင်း၊ သွေးလှယ်ရန် သွေးရှာခိုင်း၍ ဒူးယားတိုက်နယ်ဆေးရုံမှ
သူနာပြု၏ခင်ပွန်းမှ အချိန်မီ ကူညီနိုင်သဖြင့် သက်သာခဲ့သည်။ ဆေးရုံဝန်ထမ်း
အချင်းချင်း ဝိုင်းဝန်းကူညီမှုများရှိသော်လည်း ဆရာဝန်မှာ သတင်း
မေးဖော်ပင်မရ၊ ကျွန်တော့်အလုပ်ပျက်ကွက်မှုကိုပင် အရေးယူမည့် သဘော ဆက်ဆံခဲ့ပါတယ်။
ဟင်္သာတဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း ဟုပင် မပြောဝံ့ဘဲ ဒူးယားဒေသခံအဖြစ်
ကုသခံခဲ့ရတဲ့ ကျွန်တော်တို့ ဘဝဟာ သိမ်ငယ်လွန်းလှပါတယ်။

ကျွန်တော်တို့ အောက်ခြေဝန်ထမ်းတွေရဲ့ဘဝဟာ နွားတော့ နွားပါဘဲ။
နာဖားကြိုးထိုးခံတဲ့ နွားရှိသလိုပဲ အထိုးမခံတဲ့ နွားအမျိုးအစားမှာ
ကျွန်တော်တို့ ပါဝင်ပါတယ်။ ဒီအတွက် သမ္မတကြီးရော၊ ကျန်းမာရေးဝန်ကြီး
တို့ပါ သိရှိအရေးယူနိုင်ရန် တရားဝင်လည်း တိုင်ကြားသွားမှာပါ။ ဒါမှသာ
မသမာတဲ့ စိတ်ဓါတ်နိမ့်ပါးသူတွေ ကင်းစင်ပြီး နိုင်ငံနှင့် ဌာနအတွက်
အကျိုးရှိ ပြည်သူအားကိုးရတဲ့ အခြေအနေဖြစ်စေမှာမို့ အောက်ခြေဝန်ထမ်း ဘဝနဲ့
ရင်းပြီး ထုတ်ဖော်ရင်ဖွင့် လိုက်ရပါတယ်။

0 comments:

Post a Comment