Friday, May 17, 2013

မြန်မာမှာရင်းနှီးမြုပ်နှံဖို့ စောသေးလို့ဆို


Friday, 17 May 2013

မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်ကြွယ်ဝသောနိုင်ငံပေါင်း ၅၈ နိုင်ငံထဲက အရင်းအမြစ် စီမံခန့်ခွဲမှုအဆင့်အနှိမ့်ဆုံးထဲမှာရှိတဲ့အတွက် မြန်မာနိုင်ငံ
ထဲကို ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စောသေးတယ်လို့ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က
ပြောပါတယ်။

မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ “အရင်းအမြစ် စီမံခန့်ခွဲမှု အနှိမ့်ဆုံး အဆင့်ရှိနေတဲ့ မြန်မာနိုင်ငံ သယံဇာတ အခွန်ဘဏ္ဍာစောင့်ကြည့်ရေးအဖွဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ တွေကို စောင့်ကြည့်
လေ့လာနေတဲ့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကျင်းပပြုလုပ်တဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

အခုလို ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ စောနေသေးတယ်လို့ ပြောရခြင်း
ဟာ မြန်မာနိုင်ငံမှာ ကြီးမားများပြားတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်
သာစွာနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဦးတည်တဲ့ စီမံခန့်ခွဲနိုင်မှု မရှိသေးတဲ့ကာလ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အခုအချိန် ရင်းနှီးမြုပ်နှံမှုတွေဟာ ဒေသခံရွာသူ ရွာသားတွေနဲ့ နိုင်ငံသား
တွေအပေါ် အကျိုးအမြတ် မရှိသေးတာဖြစ်တဲ့အကြောင်း ရွှေဂတ်စ်
လှုပ်ရှားမှုအဖွဲ့က ဒါရိုက်တာ ဦးဝင်းအောင် က ပြောဆိုပါတယ်။

“ရင်းနှီးမြုပ်နှံမှုတွေ သယံဇာတက ရရှိတဲ့အကျိုးအမြတ်တွေက ကျနော်
တို့ ဒီဒေသခံတွေအပေါ်မှာ ထိထိရောက်ရောက် အကျိုးအမြတ် ဖြစ်ထွန်း
တာမျိုးတွေ မရှိခဲ့ရဘူး။ ဒေသခံတွေ နိုင်ငံသားတွေ အကျိုးခံစားပိုင်ခွင့်တွေ ရရှိဖို့အတွက်လည်း ကျနော်တို့အနေနဲ့ အကောင်အထည် ဖော်ဖို့ လိုအပ်
ပါတယ်။ လက်ရှိ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံကိန်းတွေမှာဖြစ်နေတဲ့
ပြသနာတွေဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သဘာဝ ပတ်ဝန်းကျင်
ပျက်စီးမှုတွေ သတင်းအချက်အလက်တွေ ထုတ်ပြန်မှုမရှိတဲ့ အပိုင်းတွေ၊ အစိုးရ ဌာနတွေမှာ သတ်သတ်မှတ်မှတ် ပေါ်လစီတွေက မူဝါဒတွေက အလုပ်မလုပ်တဲ့ဟာတွေ အကောင်အထည်ဖော်မှု အားနည်းနေတဲ့ အပိုင်းတွေက ကြည့်ခြင်းအားဖြင့် ရင်းနှီးမြုပ်နှံမှုတွေက နိုင်ငံသားတွေ
အပေါ်မှာ တစ်စုံတစ်ခုထိ အကျိုးအမြတ် ရှိမှာမဟုတ်သေးဘူး”

ရင်းနှီးမြုပ်နှံမှုနဲ့ သဘာဝသယံဇာတ ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေ
အတွက် လက်ရှိ တရားဥပဒေ မူဘောင်တွေနဲ့ ပတ်သက်လို့လည်း အားနည်းမှုတွေ အများကြီး ရှိနေသေးဘူးလို့လည်း တိုင်းရင်းသားလူမှု အသိုင်းအ၀ိုင်း ဖွံ့ဖြိုးရေး ဖော်ရမ် အဖွဲ့မှ စိုင်းခေးဆိုင် က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့ ဥပဒေရယ်၊ နောက်ပြီးတော့ လယ်ယာမြေပိုင်
ဆိုင်တဲ့ ဥပဒေက မရှိဘူး။ ပရောဂျက်တွေက ဘယ်လောက်အတိုင်း
အတာထိ နိုင်ငံတော်ကို အကျိုးပြုလဲ ဆိုတဲ့ဟာကို ပြန်ကြည့်လို့ရှိရင် ထုတ်ထားတဲ့ ဥပဒေတွေက အားနည်းချက်တွေက အများကြီးရှိနေတယ်။”

မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ၀င်ငွေတွေ လိုအပ်နေပေမယ့်လည်း ထွက်ပေါ်လာတဲ့ ညွန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ဖွဲ့စည်းတည်ဆောက်
မှုတွေ အားနည်းနေတာတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ပွင့်လင်းမြင်သာမှု တာဝန်ခံမှုတွေ မရှိတာကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကိုအဟန့်အတားဖြစ်စေနိုင်တယ်
လို့လည်း ဆိုပါတယ်။

အဲဒါတွေကြောင့် နိုင်ငံတကာနဲ့ဒေသတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေ
ကနေပြီး မြန်မာနိုင်ငံတွင်း သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိရေးအတွက် ညီညွတ်စွာတောင်းဆိုကြဖို့တိုက်တွန်း
ထားကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။

0 comments:

Post a Comment