Thursday, July 31, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး စောင့်ရှောက်မှု အထူးလိုအပ်နေဟုဆို

အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့


ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။
သူမအနေဖြင့် ဦးမြင့်ဝေနှင့် အိမ်ထောင်ကျပြီး ၃၁နှစ်အတွင်း သားသမီး ၂၆ဦးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ''၁၉၇၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အကြိမ်(၂ဝ) မြောက်ကို ကလေး ၂ဝဦး မွေးဖွား ခဲ့ပါတယ်။ နောက်ထပ် ၂ဝ၁၃ခုနှစ်အထိ (၄)ကြိမ်မှာ နှစ်မြွှာ ပူးနှစ်ခါ၊ တစ်ဦးချင်း နှစ်ခါ မွေးခဲ့ပါတယ်''ဟု ဒေါ်ခင်သူဇာက ပြောပြ သည်။
''မွေးဖွားခဲ့တဲ့ (၂၄)ကြိမ်မှာ သား ၁၄ဦး၊ သမီး ၁၂ဦး မွေးဖွား ခဲ့ပါတယ်။ အကြီးဆုံး သားကြီးက ၃၈နှစ်ရှိပြီး အငယ်ဆုံးသားက ၁၂ နှစ်ရှိနေပါပြီ။ အန်တီက တစ်နှစ်ကို ၁ယောက်နှုန်းနဲ့ မွေးဖြစ် ခဲ့တာပါ။ သူတို့ အသက် ရှစ်နှစ် ကိုးနှစ် ရောက်ပြီးမှ ဆုံးသွား ခဲ့တာလည်း ရှိပါတယ်။ အခုဆိုရင် ယောက်ျားလေး ငါးဦး၊ မိန်းကလေး ရှစ်ဦးပဲ ရှိတော့တယ်။ ဆရာဝန်တွေ၊ အိုဂျီတွေ အပြင်ဆေးရုံ တွေကိုလည်း အမျိုးမျိုးပြောင်း ပြီး မွေးခဲ့ ရတာ တွေလည်းရှိပါတယ်'' ဟု ဒေါ်ခင်သူဇာက ပြောကြားသည်။
''အန်တီ့ ယောက်ျား ဦးမြင့်ဝေက ပို့ဆောင်ရေး ဝန်ကြီးဌာနက ဝန်ထမ်း အငြိမ်းစားဖြစ်တာက တစ်ကြောင်း၊ ကလေးတွေက အများကြီး ဖြစ်နေတာက တစ်ကြောင်း၊ သူတို့နဲ့ နေရေး၊ စားရေး၊ ကျောင်းတက်တဲ့ ကိစ္စတွေမှာလည်း အခက်အခဲတွေကတော့ ရှိပါတယ်။ သားသမီး၂၆ဦးမှာ အန်တီတို့ အဘိုးကြီး အဘွားကြီးတွေကို လေးဦး ငါးဦးပဲ လုပ်ကြွေး ရင်တောင်မှ ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါ ကလေး ၂၆ဦး မွေးဖွားခဲ့သည့် ဒေါ်ခင်သူဇာတို့ မိသားစုတွင် ဆုံးပါးသွားသည့် သားသမီးများ မပါ လက်ရှိ သားသမီး ၁၃ဦးအပြင် မြေး ၁၇ဦး၊ မြစ်တစ်ဦး ရရှိနေ ပြီ ဖြစ်သည်။ ဒေါ်ခင်သူဇာမှာ အသက် ၅၇နှစ် ရှိပြီး ယောက်ျားဖြစ်သူ ဦးမြင့်ဝေမှာ ၆၄နှစ် ရှိကြောင်း သိရသည်။
ထိုမိသားစုအား ဆရာတော် ရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)က မိဘ ကျေးဇူးကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်အလိုက် အလှူဒါနများ ပြုလုပ်ပေးခြင်း၊ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမ များမှ အလှူငွေများ ပေး အပ်ထောက် ပံ့ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေါ်ခင်သူဇာ၏ ပြောကြားချက် အရ သိရသည်။
မောင်မျိုး (ဧရာဝတီ)

ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်လာမည်

ရန်ကုန်နှင့်ရေထဲပင်လယ်မြို့တော်


ဒီနေ့မိုးက တော်တော်ကြီးကြီးကိုသည်းသည်းမည်းမည်းရွာပါတယ် ။ မိုးရွာတာနဲ့ ရန်ကုန်မြို့ထဲကကားလမ်းတွေပိတ်တာ ရန်ကုန်ရဲ့မြို့လယ်ခေါင်တချို့နေရာတွေမှာ ရေတက်လာတာဟာ ကျွန်တော်တို့အတွက် မြို့ပြဖက်ရှင်တစ်ခုလိုဖြစ်နေပြီလားတောင်မသိတော့ပါဘူး ။
မိုးရွာတာနဲ့ကားလမ်းပိတ်ဆို့တာဆိုင်သလား ?
အဲဒီမေးခွန်းက တကယ့်ကိုအူကြောင်တောင်နိုင်တဲ့မေးခွန်းပါ ။ မြို့ထဲကို ဆင်ခြေဖုံးရပ်ကွက်တွေကနေ နေ့စဉ် ဘတ်စ်ကားတိုးစီးသည်ဖြစ်စေ တက်စီ စီးသည်ဖြစ်စေ ရုံးတက်ရုံးဆင်းလုပ်နေရတဲ့လူတွေအဖို့ မိုးဆက်တိုက်မရွာပါစေနဲ့ဘုရားလို့ ဆုတောင်းနေရတယ် ။ ဘာလို့လည်းဆိုတော့ မိုးရွာတာနဲ့ ကားလမ်းတွေပိတ်ကုန်ပြီး ရုံးကို အချိန်မှီမရောက်တဲ့အခါ အလုပ်ရဲ့ထုံးစံအတိုင်း ဒါဏ်ကြေးဆောင်ရတာတွေ ပိုက်ဆံအဖြတ်ခံရတာတွေဖြစ်ကုန်ကြရော ။ ဘယ် အလုပ်ကမှလည်း ရာသီဥတုအခြေအနေ ဆိုးရွားနေပါသဖြင့် ယနေ့တစ်ရက်အား နောက်ကျခွင့်ပြုသည်လို့ မရှိတဲ့အတွက် ၀န်ထမ်းတွေအားလုံးက မိုးပဲရွာရွာ နှင်းပဲကျကျ အချိန်မှီအောင် သွားဖို့ တာဝန်ရှိလာသလိုပါပဲ ။
ကျွန်တော် တွေးမိသလောက်စဉ်းစားရရင်တော့ မိုးရွာရင် တချို့နေရာတွေမှာ မီးပျက်သွားတယ် ။ ( ဒါကလည်း လျှပ်စစ်အန္တရာယ် စိုးရိမ်လို့ အစိုးရက စေတနာနဲ့ဖြတ်ပေးတာဖြစ်မှာပါ  ) မီးပျက်တော့မီးပွိုင့်တွေအလုပ်မလုပ်တော့ဘူး ။ ဒီတော့ ကားတွေက ပွိုင့်တွေမှာ သူ့ထက်ငါ သူတလူငါတမင်းနဲ့ နင်လည်းအလျော့မပေး ငါလည်းအလျော့မပေးစိတ်ဓါတ်နဲ့ အလုအယက် တိုးကြတဲ့အခါ လမ်းတွေပိတ်ဆို့ခြင်းဖြစ်နိုင်ပါတယ် ။ နောက်တစ်ချက်က လိုင်းကားတွေ ကား၂ စီးမနည်းရှောင်ရတဲ့နေရာမှာ လိုင်းကားတွေအနေနဲ့ ခရီးသည်အတင်အချ အကြာကြီးပြုလုပ်တာ လူစောင့်တင်တဲ့အခါမှာ လမ်းကိုပိတ်ပြီးရပ်ထားသလိုဖြစ်တဲ့အတွက် နောက်ကကားတွေ ဟွန်းဘယ်လောက်တီးတီး ကားတွေ ကျပ်ကုန်ပါတယ် ။
ဒီ မြို့ပြရဲ့ Traffic ပြဿနာကို အစိုးရအနေနဲ့ အခုထိ ထိထိရောက်ရောက်တာဝန်ယူဖြေရှင်းပေးခြင်းမရှိသေးပါဘူး ။ ကျွန်တော့်အမြင်ပြောရရင်တော့
၁ ။ လိုင်းကားတွေ Park လုပ်ပြီး ခရီးသည်အတင်အချလုပ်ဖို့အတွက် မှတ်တိုင်တိုင်းမှာ လိုင်းကား ကြီး ၃ စီးစာလောက်စီရပ်လို့ရမယ့် နေရာလေးတွေလုပ်ပေးထားရမယ် ။ အဲဒီနေရာတွေကို တက်စီတွေ မ၀င်ရဘူး ။ အိမ်စီးကားတွေမ၀င်ရဘူး လိုင်းကားသီးသန့်ဖြစ်ရမယ် ။
၂ ။ မီးပွိုင့်စနစ်ကိုတစ်မြို့လုံးအတိုင်းအတာနေနဲ့ လိုတိုးပိုလျော့တွေ ပြန်လုပ်ရမယ် ။ ( တချို့နေရာတွေမှာ မလိုအပ်ပဲ ကားများတဲ့နေရာကို မီးနီအကြာကြီးပေးထားပြီး ကားသိပ်မသွားတဲ့ဖက်ကို မီးစိမ်း အကြာကြီးပေးထားခြင်းဟာ Traffic ကို ပိုဆိုးစေတယ်လို့မြင်ပါတယ် ) ။ မိုးတွေရွာ ရေတွေကြီးလို့ ကားလမ်းပိတ်တာကလည်းအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ် ။
၃ ။ ကားလမ်းစနစ်ကိုလည်း လိုင်းကားသီးသန့်လိုင်းတွေ အမြန်ဆုံးဖော်ဆောင်စေချင်ပါတယ် ။ လိုင်းကားသွားတဲ့လမ်းပေါ် တက်စီနဲ့ အိမ်စီးကားတွေ တက်လာရင် ဒါဏ်ကြေးရိုက်တာလုပ်ရမယ် ။ လိုင်းကား လမ်းဖြစ်တဲ့ ညာဖက်အစွန်ဆုံးလမ်းမှာ လိုင်းကားတွေချည်းသီးသန့်သွားစေချင်ပါတယ် ။ လမ်းဆုံတွေမှာ ညာဖက်ချိုးချင်တဲ့ ကားကလွဲလို့ ဘယ်ကားမှ အဲဒီလမ်းပေါ် မတက်လာရင်အကောင်းဆုံးပါပဲ ။ လိုင်းကားတွေကလည်း အပေါ် ၂ ကြောကိုတက်မလာနဲ့ ဘယ်အစွန်ဆုံး က အမြန်မောင်းတဲ့ကားတွေ သွား အလယ်က ပုံမှန်မောင်းတဲ့ကားတွေသွား ဒါဆို အဆင်ပြေသွားလောက်မယ် ။ ( မီးသတ်ကား ရဲကားနဲ့ ဆေးရုံလူနာတင်ကားများသည် ခြွင်းချက် ဖြစ်ရမယ် )
၎ ။ လမ်းပေါ်က ဈေးသည်တွေ ကို ကားလမ်းတစ်ကြောစာလောက်နေရာယူထားမှုတွေဖြေရှင်းရမယ် ။ အဲဒီလိုဖြေရှင်းရာမှာလည်း အခု ၀ုန်းဝုန်းနဲ့ဝင်ဖမ်း ဒါဏ်ရိုက်နောက်ထပ် တစ်ပတ်လောက်ကြာတဲ့အခါ ဒုံရင်းကဒုံရင်းဆိုတာကလည်းနည်းလမ်းမဟုတ်သေးဘူး ။ တကယ်ဆိုရင် ဈေးသည်တွေအနေနဲ့ ပလက်ဖောင်းတွေ နောက်မှာပဲရှိသင့်ပါတယ် ။ ဒါကလည်းထည့်သွင်းစဉ်းစားရမယ့်အချက်ပါ ။
၅ ။ တချို့သော ကားအရမ်းပိတ်တဲ့ နေရာတွေ အချိန်တိုင်း ပိတ်လေ့ရှိတဲ့လမ်းကြောတွေကို လမ်းအသုံးပြုခွင့်နဲ့ ဥပမာ ကျောင်းလွှတ်ချိန်လိုမျိုးမှာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဒီလမ်းကြောကိုသွားရင် ပိုက်ဆံ ဘယ်လောက် ဖြတ်မယ်ဆိုတာမျိုးကို လုပ်ဆောင်ကြည့်စေချင်ပါတယ် ။ အဲ့ဒီစနစ်အကောင်အထည်ဖော်ဖို့ဆိုရင် မီးပွိုင့်တိုင်တွေကနေ ပိုက်ဆံဖြတ်တဲ့ scanner နဲ့ ကား dashboard ပေါ်က စက်ကို လှမ်းဖတ်ပြီးဖြတ်တဲ့စနစ်မျိုးကို သဘောကျပါတယ် ။ တစ်နိုင်ငံလုံးကကားတွေမှာ အဲဒီလို စနစ် တပ်ဆင်လိုက်ရင်သိပ်ကောင်းမှာပါ ။ အခုတော့ ရှိတဲ့အထင်ကရ CCTV ပွိုင့်တွေကလည်းတကယ်အလုပ်မလုပ်မသိပါဘူး ။ ဘယ်လို စနစ်ဖြစ်ဖြစ် အစိုးရအနေနဲ့အကောင်အထည်ဖော်ရင်သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ။ နေပြည်တော်လို နေရာကိုတောင် အထင်ကရမြို့ကြီးဖြစ်အောင် ၀ုန်းကနဲပြောင်းလဲခဲ့နိုင်တဲ့အစွမ်းရှိခဲ့တာပဲလေ ။
ရန်ကုန်မြို့ဟာ ရေထဲပင်လယ်မြို့တော်လား ?
ဟုတ်ပ အဲဒီလိုမေးရမလိုတောင်ဖြစ်နေပြီ ။ စဉ်းစားကြည့်လိုက် မိုးလေးနည်းနည်းရွာလိုက်တာနဲ့ ရေတွေတင်နေပြီ ရေတင်တော့ ကားတွေ ဆက်မတိုးနိုင်တော့ဘူး အဆိုးဆုံး အခု နောက်ပိုင်း အဆင့်မြှင့်တင်ထားတဲ့ ဝေဇယန္တာလို လမ်းမျိုးတောင် ၁၂ နာရီဆက်တိုက်လောက်မိုးရွာတာနဲ့ကားလမ်းတစ်ဝက်လောက်ရေတွေ တက်ကုန်ရော ။ ဒီတော့ ဘာကြောင့်မိုးရွာတာနဲ့ရေတက်တာလဲ ကြားဖူးတာတော့ ဘန်ကောက်ထက်တောင် ပင်လယ်ရေမျက်နှာပြင်က ပိုမြင့်တယ်ဆို ဒါဆို ဘာလို့ရေတက်တာလဲ ကျွန်တော်စဉ်းစားမိရသလောက်ကတော့ ။
၁ ။ ရေဆိုး မြောင်းတွေ ရေစီးမြောင်းတွေ ပိတ်ဆို့ခြင်း ကြောင့် ရေတွေ မစီးနိုင်ပဲ လမ်းပေါ်လျှံတက်လာရခြင်း
၂ ။ လူတွေရဲ့စည်းကမ်းမဲ့အမှိုက်တွေကို နေရာတကာပစ်တဲ့အကျင့်ကြောင့် ရေသွားမဲ့လမ်းတွေမှာ အမှိုက်တွေ ပိတ်ဆို့ခြင်း ( စည်ပင်ကတာဝန်ရှိတယ်ဆိုတာမှန်ပါတယ် အဲ့ဒီလိုပဲ လက်သရမ်းပြီး ဟို ပစ်ဒီပစ်လုပ်တဲ့လူတွေမှာလည်းတာဝန်ရှိပါတယ် တချို့ဆို လိုင်းကားပေါ်ကနေ ကွမ်းတံတွေးပစ်ကနဲထွေးလိုက်တာများ သူပိုင်တဲ့လမ်းများမှတ်နေလားမသိ အောက်က လမ်းလျှောက်နေတဲ့လူတွေကို လူလို့တောင်မြင်ရဲ့လားမသိ ရိုင်းချက်က ကမ်းကုန်ပဲ )
၃ ။ မြစ်ထဲသွားမယ့် ချောင်းတွေ မြောင်းတွေမှာ နှုံးပမာဏ မြင့်တက်လာမှုကြောင့် မြစ်ထဲကို ရေထုပမာဏ သိပ်မရောက်တဲ့အခါ လူနေရပ်ကွက်နဲ့မြို့ထဲမှာ ရေတက်လာရခြင်း
ထားပါတော့ ကျွန်တော်လည်း ဥာဏ်မှီသလောက်စဉ်းစားကြည့်တာပါ ။
တကယ်စေတနာရှိရင် တကယ်လုပ် အဟုတ် ဖြစ်မြောက်ပါတယ် ။ ကောင်းမွန်သစ်လွင်တဲ့ အစိုးရသစ်ဖြစ်ချင်ရင် ဂျာနယ်လစ်တွေကို ဖမ်းဆီးထောင်ချယုံ သာလုပ်တတ်ပြီးလူထုကောင်းစားရေးအတွက် အခြေခံ သွားလာရေးစနစ် အခြေခံလူနေမှုဘ၀ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်းလိုအပ်ပါသေးတယ် ။
( ဒါတောင် MPT အကြောင်းရေးချင်သေးတာ ဘယ့်နှယ့် သူများတွေ တစ်မိနစ် ၂၅ ကျပ်နဲ့ပေးတော့မယ့်ဟာ သူတို့က လူသုံးယောက်ကိုခေါ်ဆိုခ တစ်လပဲ ၂၅ ကျပ်နဲ့ အဲ့ဒီအတွက် ၀န်ဆောင်ခလည်း ၂၅၀၀ ဖြတ်မယ်ဆိုတော့ကာ အော် .. ဆူးလေမသွားနဲ့ ခိုတွေနင်းလိမ့်မယ်လို့ပဲ ပြောချင်ပါတော့တယ် )
သက်တန့်ချို
31st July 2014
Photo : The Voice Weekly

တိုင်းရင်းသားတို့ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အချိန်ဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌ သုံးသပ်


တိုင်းရင်းသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန်ရောက်နေပြီဖြစ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်တို့ ပေါ့ဆ၍မရဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ ပေါ့ဆလို့ တစ်ချက်မှားတာနဲ့ တစ်သက်ပြန်ခံရမှာဖြစ်တယ်”ဟု ဇူလိုင် ၃၀ က ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသားအဖွဲ့အစည်းတို့က နှစ်ပေါင်း ခြောက်ဆယ်ကျော် တိုက်ပွဲဝင်ခဲ့သော်လည်း ဘာမှပြောခွင့်မရခဲ့ဘဲ လက်ရှိအချိန်သည် ရလဒ်ကောင်းတစ်ခုဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။
သို့သော် ဒီလိုအချိန်အခါမျိုးမှာ ကျွန်တော်တို့ တောင်းဆိုသင့်တောင်းဆိုထိုက်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ တောင်းဆိုတတ်ဖို့လည်း လိုပါတယ်”ဟု ၎င်းက ဆိုသည်။၂၀၁၁ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်များ လုပ်ဆောင်ရန် တိုင်းရင်းသားများကို ဖိတ်ခေါ်ခဲ့သည်။
နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် ဒုတိယမူကြမ်းတစ်ရပ် ပေါ်ထွက်လာခဲ့သည်။
ထိပ်သီးအစည်းအဝေးမှာ တိုင်းပြည်တစ်ခုလုံးနှင့်ဆိုင်သည့် ကိစ္စများဆွေးနွေးပွဲဖြစ်သည့်အတွက် “မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ လွဲချော်တဲ့ ဆုံးဖြတ်ချက်တွေ မဖြစ်ဖို့အတွက် သတိပေးခြင်းလို့ပဲ ယူဆပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။
လက်ရှိ ကျင်းပနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အဆိုပါမူကြမ်းအပေါ် အဓိကဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သဘောတူဆုံးဖြတ်ချက် ဆယ်ချက်ချမှတ်ထားသည်။ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်ဇူလိုင်၂၅ မှ ၂၉ရက်ထိ NCCT အဖွဲ့ ၀င်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ကျင်းပပြီးဖြစ်ကာ ဇူလိုင် ၃၀ နှင့် ၃၁ တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဆက်လက် ကျင်းပမည် ဖြစ်သည်။
ဇူလိုင် ၃၀ရက် ဆွေးနွေးမှုရလဒ်အရ တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စေ့စပ် ညှိနှိုင်းရေးအဖွဲ့NCCT ကို ကြီးကြပ်မည့် ဦးဆောင်ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆွေးနွေးထားပြီး ဇူလိုင် ၃၁ ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက်ချရန် စီစဉ်ထားသည်။

ခွန်းဆင့်နေခြည်က သူ့ ကို အတုလားဟုမေးတဲ့ ပရိသတ်ကို ဖေ့ဘုတ်မှာပြန်လည်ဖြေရှင်းချက်ထုတ်


ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆု မဟုတ်ဘူးနော် ကာယအလှမယ်ဆု ကိုယ်လုံးအလှကိုပြိုင်ရတဲ့ ကာယအလှမယ်ဆု မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံးချွတ်ပြီး အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ ဆေးစစ်ရတယ် အဲ့ဒါ အမျိုးသမီးဆရာဝန်မ တွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် အဲ့ဒီ့ ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် အချိုးအစားလည်းဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး ပြိုင်ပွဲဝင်အားလုံး
ထဲကမှ စကာတင် ၅ ယောက် ရွှေးတယ် ၅
ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့
နှစ်သိမ့်ဆု ဒါတွေကိုပေးသွားတယ် ချက်ချင်း
တက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲ
လုပ် ကိုယ့်ကိုယ်ကို ပိုးမွေးသလိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီး ဟိုဘက်ဒီဘက် ပေါင် ၆၀ စီထည့် နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်းလိုက်ရင် ၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်
ထမ်းပြီး ထိုင် ထ တွေ လုပ်ခဲ့ရတာ ကျွန်မဆရာ မောင်ဗမာ ဦးစိန်မောင်ကလည်း အသေအကြေကို မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် အိပ်ထမတင် ကိုပြောတာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် ဗိုက်အတွက် ဗိုက်အဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း သံလုံးတွေ သံဒုတ်တွေနဲ့ ကစားနည်းပေါင်းစုံကို အသေအလဲ တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား ဆိုတဲ့နှုန်းနဲ့ ကစား
ခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်း
မဟုတ်ပါဘူး အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာပေါ့လေ ဒါကြောင့်
အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီး
ရှင်းပြထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်
စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုးလို့ချုံ့ပြီးရေးထားတာ ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် အသေအလဲ exercise တွေလုပ်ခဲ့
ရတယ် အလေးတွေနဲ့ အသေအကြေ ကစားခဲ့ရတော့ တော်ရုံအဆီမတက်လာတော့ဘူး ခုလည်း နေ့တိုင်း EXERCISE လုပ်ဖြစ်ပါတယ် Exercise လုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာများကိုပြောင်းလဲစေပါသည်။
www.papawady.com

မြန်မာရွှေ့ပြောင်း မိသားစုမှ ကလေးငယ် လက်ရေးလှပြိုင်ပွဲတွင် ထိုင်းတနိုင်ငံလုံးမှာ ပထမဆုရ


- ထိုင်းဘာသာစကားနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့က ပြုလုပ်ခဲ့သော မူလတန်းအဆင့် ထိုင်းလက်ရေးလှ ပြိုင်ပွဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦး၏ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူက တစ်နိုင်လုံး အဆင့် ပထမ ရခဲ့သည်ဟု သိရသည်။
ဆုရရှိသူမှာ ထိုင်းနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့ပြီး Tak ပြည်နယ် ပညာရေးဇုန် ၂ ရှိ Arunmetha ကျောင်းတွင် ပညာ သင်ယူနေသော ရာဇာဆိုသူဖြစ်ပြီး Raksa Pasa Thai (ထိုင်းဘာသာစကား ထိန်းသိမ်းခြင်း) လှုပ်ရှားမှု၏ ပြိုင်ပွဲများစွာမှ တစ်ခုတွင် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းအခြေခံ ပညာရေး ကော်မရှင်ရုံး Obec ၏ အထွေထွေအတွင်းရေးမှုး Kamil Rodkhai က ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် အရေး၊ အဖတ်၊ အပြော ပြိုင်ပွဲများပါဝင်ပြီး ထိုင်းဘာသာစကား၏ တန်ဖိုးမြင့်တက်လာစေရန် အသိ ပညာပေးခြင်းနှင့် ထိုင်းဘာသာ စကားအား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ကလေးငယ်များအား တိုက်တွန်း အားပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆရာမဖြစ်သူ Saeng-arun Sonsaen ကလည်း ဆုရရှိခဲ့သည့် ရာဇာအား ချီးကျူးခဲ့ပြီး ရာဇာမှာ ပညာသင်ယူရာ၌ အာရုံစူးစိုက်မှုရှိပြီး လက်ရေးလက်သားမှာလည်း အလွန်လှပသည်ဟု ပြောကြားခဲ့သည်။ ရာဇာမှာ Arunmetha ကျောင်းအား ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။
ရာဇာ၏ ဖခင်မှာ Tak ပြည်နယ် Phop Phra ခရိုင်တွင် စိုက်ပျိုးရေလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။
“ရာဇာဟာ စောစာပိုင်းတုန်းက ဒီခရိုင်မှာရှိတဲ့ ထိုင်းဘုရားကျောင်းက မြန်မာကျောင်းတစ်ခုမှာ ပညာသင်ယူခဲ့ပြီး နောက်ပိုင်းမှာ Arunmetha ကျောင်းကို ပြောင်းတက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူဟာ ၁၀ နှစ်အရွယ်ရှိနေပြီး ထိုင်းဘာသာစကားကို မရေးတတ်သေးပါဘူး။ ဒီကျောင်းမှာ တက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ထိုင်းဘာသာစကား အရည်အသွေးဟာ သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။ သူဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး စာသင်တဲ့အချိန်မှာလည်း အာရုံစူးစိုက်မှုရှိပါတယ်။ အထူးသဖြင့် ထိုင်းဘာသာစကားမှာပေါ့” ဟု Saeng-arun Sonsaen က ပြောကြားခဲ့သည်။
Arunmetha ကျောင်းရှိ ကျောင်သားများ၏ ၃၀ ရာခိုင်နှုန်းမှာ နယ်စပ်တွင်ရှိနေကြသည့် ဆင်းရဲသော မိသားစုများမှ ဆင်းသက်လာကြခြင်းဖြစ်ပြီး၊ အခြားသောထိုင်းကျောင်းသားများထက် ၎င်းတို့အား ထိုင်းဘာသာစကားကို ပိုမိုအလေးထား သင်ကြားပေးသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
ပညာရေးဇုန် ၁ ၏ ဒါရိုက်တာဖြစ်သူ Thongsuk Yoosri ကမူ မြန်မာကျောင်းသားတစ်ဦး ယခုကဲ့သို့ ဆုရရှိခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း၊ မည်သည့် နိုင်ငံသား၊ မည်သည့် ဘာသာ အယူဝါဒမှမဆို ၎င်းတို့၏ အလားအလာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြကြောင်း စသဖြင့် ပြောကြားခဲ့သည်။